စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီဖွဲ့စည်းခြင်း
ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့(၁၀၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် လွှတ်တော်၏ သဘောတူညီချက်အရ မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာ ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည် –
(က) ဦးအေးကျော် အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဥက္ကဋ္ဌ
( ခ ) ဒေါ်စန်းစန်းဝင်း ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
( ဂ ) ဦးတင်သောင်း ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(ဃ) ဦးကျော်ဆန်းအောင် ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( င ) ဦးဌေးဝင်း ထီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
( စ ) ဦးထွန်းထွန်းဝင်း စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(ဆ) ဗိုလ်ကြီးဟန်ဝင်းအောင် တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
( ဇ ) ဦးတင့်ဆန်း ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( ဈ ) ဒေါ်ခင်ချိုလတ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး
၂။ ဤကော်မတီသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့်ဖြစ်သည်။
ကော်မတီ၏တာဝန်များ
၃။ ကော်မတီသည် –
(က) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး အပါအဝင် ဆက်စပ်သည့် ဌာနဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်နှင့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများက ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များနှင့် ညီညွတ်မှု ရှိ/ မရှိ ဆောင်ရွက်ရမည်၊
( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ ပါပြဌာန်းချက် များနှင့် ညီညွတ်မှုရှိ/မရှိ ဆောင်ရွက်ရမည်၊
( ဂ ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင်းရှိ/မရှိ ဆောင်ရွက်ရမည်၊
(ဃ) နိုင်ငံတော်၏ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိ/မရှိ ဆောင်ရွက်ရမည်၊
( င ) ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များနှင့် ရောထွေးခြင်းရှိ/မရှိ စိစစ် ဆောင်ရွက်ရမည်၊
( စ ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အခါအား လျော်စွာထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် ညီညွတ်အောင်ဆောင်ရွက်စေရေး စောင့်ကြည့် ထိန်းညှိကူညီဆောင်ရွက်ရမည်၊
(ဆ) စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကိစ္စအပါအဝင် ဆက်စပ်သည့် ဌာနဆိုင်ရာ ကိစ္စများ၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊
( ဇ ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရအသုံးစာရင်းနှင့် တိုင်းဒေသကြီးစာရင်စစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်က လျာထားသော ရငွေများ အပြည့်အဝရရှိရေးနှင့် ခွင့်ပြုထားသော သုံးငွေကို သတ်မှတ်ထားသည့်ကိစ္စအတွက် သာလျှင် သုံးစွဲခြင်းရှိ/မရှိ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ သုံးစွဲခြင်းရှိ/မရှိနှင့် ခွင့်ပြုသည့်ရည်ရွယ်ချက် အတိုင်း မှန်ကန်စွာသုံးစွဲခြင်းရှိ/မရှိ စိစစ်ဆောင်ရွက် ရမည်၊
(ဈ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တောင်းဆိုချက်အရ ကိစ္စရပ်တစ်ခုအတွက် ခွင့်ပြု ထားသော သုံးငွေတစ်ရပ်ကို အခြားကိစ္စရပ်အတွက် ခေါင်းစဉ်ပြောင်း သုံးစွဲခြင်းနှင့် ခေါင်းစဉ်ပြောင်း၍ သုံးစွဲရာ၌ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်ညီညွတ်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ရမည်၊
(ည) စည်ပင်သာယာရေးအဖွဲ့များမှငွေကြေးများကောက်ခံ သုံးစွဲရာတွင် လျာထားငွေ၊ ကောက်ခံရငွေ၊ သုံးစွဲငွေများစနစ်ကျမှုရှိ/မရှိ စိစစ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ စည်းမျဉ်းနှင့်အညီ သုံးစွဲမှုရှိ/မရှိ စိစစ်ဆောင်ရွက်ရန်နှင့် လေလွင့်ပြုန်းတီးမှု မရှိစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ရမည်၊
( ဋ ) စည်ပင်သာယာရေးအဖွဲ့များမှ ငွေကြေးများသုံးစွဲရာ တွင် သက်ဆိုင်ရာကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သုံးစွဲမှုရှိ/မရှိ စိစစ်ဆောင်ရွက်ရမည်၊
( ဌ ) ကော်မတီ၏ဆောင်ရွက်ချက်များအပေါ် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်းရှိ/မရှိ စိစစ်ဆောင်ရွက်ရမည်။
၄။ ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။
၅။ ကော်မတီသည် ကော်မတီ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစားရမည်။ သို့ရာတွင် –
(က) ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံသူမလို၊
( ခ ) ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီးဆွေးနွေးခွင့်ရှိသည်၊
( ဂ ) ကော်မတီကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့်ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေးနွေးနိုင်သည်။
၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်း အစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော် ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၇။ ကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၅ ပါပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။
၈။ ကော်မတီသည် –
(က) ခန့်အပ်ထားသည့် ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်စုစုပေါင်းဦးရေ၏ ထက်ဝက်ထက် မနည်း တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်၊
( ခ ) နိုင်ငံတော်နှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
( ဂ ) ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊ ဝေဖန် သုံးသပ်ချက်များကိုစိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
(ဃ) ပြင်ဆင်ရန်လိုအပ်သည့် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ နိုင်ခွင့်ရှိသည်၊
( င ) ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် အတွင်းရေးမှူးကသော်လည်း ကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးက သော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။
( စ ) ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူ ကြောင်း လက်မှတ်ရေးထိုးရမည်။
(ဆ) ကော်မတီမှတင်သွင်းသော အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များမှ ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိစေရ။
၉။ အပိုဒ် ၈ အရ ကော်မတီ၏တင်ပြချက်နှင့် အကြံပြုချက်များသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက် များဖြစ်ရမည့် အပြင် ကော်မတီနှင့် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်းဖြစ်ရမည်။
၁၀။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက –
(က) ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင် တင်ပြရမည်၊
( ခ ) တင်ပြမည့် အစီရင်ခံစာမူကြမ်းကို ကော်မတီက သဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာကိုလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်၊ ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်များသည် အစီရင်ခံစာကိုသဘောတူကြောင်း လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါကထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
( ဂ ) ကော်မတီ သို့မဟုတ် အဖွဲ့၏ဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်က လက်မှတ်ရေးထိုး တင်ပြ နိုင်သည်၊
(ဃ) တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကိစ္စနှင့်စပ်လျဉ်း၍ ကော်မတီသို့ လွှဲအပ်သည့် နေ့မှစ၍(၁၅)ရက်အတွင်း(ရုံးပိတ်ရက်မပ) ကော်မတီ၏အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။
၁၁။ ကော်မတီဝင်များသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုအထိပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊
( ဂ ) ကော်မတီဝင်အဖြစ်မှနုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျှက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၁၂။ ကော်မတီဝင်များသည် ကော်မတီ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန် ဖြစ်စေ၊ကော်မတီရုံးစိုက်ရာဒေသတွင်ရောက်ရှိနေစဉ်၌လည်းကောင်း၊
တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၃။ ကော်မတီဝင်များသည် –
(က) ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေး ချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
( ခ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်၊
( ဂ ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။
ကော်မတီ၏သက်တမ်း
၁၄။ မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီ၏ သက်တမ်းသည် တိုင်းဒေသကြီး လွှတ်တော်သက်တမ်းနှင့်အညီဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်၊ အစားထိုးတာဝန်ပေးအပ်နိုင်သည်။
ဦးတာ
ဥက္ကဋ္ဌ