ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနှုတ်မြောင်းနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ(၄)ရက်နေ့ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင်မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး VIP Meeting Room တွင်  ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနှုတ်မြောင်း နှင့်စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းထိုက် ၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်သိမ်းဆည်းရေးကော်မတီ အရပ်ဘက်အဖွဲ့အစည်းမှ ဦးအောင်ကျော်ကျော် နှင့် လွှတ်တော်ရုံး၊ ဥပဒေဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ)မှ တိုင်းဒေသကြီးကရေးဆွဲပြဌာန်းဆောင်ရွက်ရန် ခွင့်ပြုထားသည့် ဥပဒေများအနက်မှ မကွေးတိုင်းဒေသကြီး ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနှုတ်မြောင်းနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ဥပဒေနှင့်အညီဖြစ်စေရန်၊ ပြည်ထောင်စုက ပြဌာန်းထားသည့် ဥပဒေသည် မိမိတို့တိုင်းဒေသကြီးနှင့်အညီဖြစ်စေရေး ဖြည့်စွက်ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ဆည်ငယ်၊ ကန်ငယ် များနှင့် မြောင်းလက်တံခွဲများကို ရေအသုံးချမှုစီမံခန့်ခွဲမှုအဖွဲ့ (Water User Group)များ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး၊ ၎င်းကော်မတီ၏ လုပ်ငန်းတာဝန်နှင့် စည်းမျဉ်းစည်းကမ်း စသည့်အချက်များပါ ဥပဒေတွင်ထည့်သွင်းနိုင်ရေးဆွေးနွေးခဲ့ရာ၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဥပဒေပြုရေး ဆိုင်ရာ ကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် အကြံပြု ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။