
ဆိပ်ဖြူမြို့နယ်နှင့် ထီးလင်းမြို့နယ်များအတွက် ဒေသဖွံ့ဖြိုးရေးအလှူငွေပေးအပ်ခြင်းနှင့် ပျူမျိုးနွယ်စု(ခေါ်)တောင်သားလူမျိုးများ ဒုတိယအကြိမ်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များမကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်မှ မွန်းလွဲပိုင်း(၁၆ဝဝ)နာရီအချိန်အထိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်နှင့် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်သို့သွားရောက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ တစ်မြို့နယ်လျှင် ကျပ်(၁၀)သိန်းစီအား ပေးအပ်လှူဒါန်းခဲ့သည်။
အလှူငွေပေးအပ်ပွဲကို သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ သက်ဆိုင်ရာမြို့နယ်များမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၀၈ဝဝ)နာရီအချိန် ထီးလင်းမြို့နယ်၊ ဝက်သက်ရွာမကျေးရွာတွင် ကျင်းပပြုလုပ်သည့် ပျူမျိုးနွယ်စု(ခေါ်)တောင်သားလူမျိုးများ ဒုတိယအကြိမ်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ထီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဌာနဆိုင်ရာများ၊ တောင်သားလူမျိုးများ၊ ဒေသခံ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။