ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း

ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း

၁။      မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့(၁၀၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် လွှတ်တော်၏ သဘောတူညီချက်အရ မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည် –

(က)    ဦးမြင့်အောင်            ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 ဥက္ကဋ္ဌ

( ခ )   ဦးစိုးဝင်း                 ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)             အဖွဲ့ဝင်

( ဂ )   ဒေါ်အေးယုမော်        သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)             အဖွဲ့ဝင်

(ဃ)    ဦးသန်းဆွေ              မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)             အဖွဲ့ဝင်

( င )   ဦးစန်းကြူ               ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)                  အဖွဲ့ဝင်

( စ )   ဗိုလ်မှူးရဲမြင့်            တပ်မတော်သားကိုယ်စားလှယ်                  အဖွဲ့ဝင်

(ဆ)    ဦးတင်ဝင်း               မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်

( ဇ )   ဒေါ်မြင့်စန်း              ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)              အဖွဲ့ဝင်

(ဈ)     ဦးဝင်းဌေး               မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)          အတွင်းရေးမှူး

၂။      ဤကော်မတီသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့်ဖြစ်သည်။

ကော်မတီ၏တာဝန်များ

၃။      ကော်မတီသည် –

(က)    ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များနှင့် ညီညွတ်မှုရှိ/ မရှိ ဆောင်ရွက် ရမည်၊

( ခ )   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ ပါပြဌာန်းချက် များနှင့် ညီညွတ်မှုရှိ/မရှိ ဆောင်ရွက်ရမည်၊

( ဂ )  နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင်းရှိ/မရှိ ဆောင်ရွက်ရမည်၊

(ဃ)    နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိ/မရှိ ဆောင်ရွက် ရမည်၊

( င )   ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များနှင့် ရောထွေးခြင်းရှိ/မရှိ စိစစ် ဆောင်ရွက်ရမည်၊

( စ )   သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အခါအား လျော်စွာထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် ညီညွတ်အောင် ဆောင်ရွက်စေရေး စောင့်ကြည့် ထိန်းညှိကူညီဆောင်ရွက်ရမည်၊

(ဆ)    ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးနှင့် အခြားဆက်စပ်ဌာနများ၏ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက်ကူညီဆောင်ရွက်ပေးရမည်၊

( ဇ )   ကုန်းလမ်းနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူတို့ ခရီးသွားလာရေးနှင့် စပ်လျဉ်းပြီး လုံခြုံရေးနှင့် အဆင်ပြေချောမွေ့ရေး တို့ကို ညှိနှိုင်း ကူညီဆောင်ရွက်ပေးရမည်၊

(ဈ)     တိုင်းဒေသကြီးက စီမံခန့်ခွဲခွင့်ရှိသည့်ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ဆိပ်ခံများ၊ လမ်းများ၊ တံတားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊

(ည)    တိုင်းဒေသကြီးအတွင်းသာ သွားလာသည့် ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေး ဆွဲနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊

( ဋ )   ကော်မတီ၏ဆောင်ရွက်ချက်များအပေါ် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့်တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်းရှိ/မရှိ စိစစ် ဆောင်ရွက်ရမည်။

၄။      ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။

၅။      ကော်မတီသည် ကော်မတီ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစားရမည်။ သို့ရာတွင် –

(က)    ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံသူမလို၊

( ခ )   ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီးဆွေးနွေးခွင့်ရှိသည်၊

( ဂ )   ကော်မတီဝင်များသည်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့်ညှိနှိုင်းပြီး ဖြေကြား နိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၆။      ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီ အစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်း အစည်းအဝေးမှတ်တမ်း များကိုဖြန့်ဝေ ခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ်တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံး သို့ ပေးပို့ရမည်။

ကော်မတီ၏ လုပ်ပိုင်ခွင့်များ

၇။      ကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပ​ဒေ ၆၅ ပါပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၈။      ကော်မတီသည် –

(က)    နိုင်ငံတော်နှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊

( ခ )   ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊      ဝေဖန်    သုံးသပ်ချက်များကိုစိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်၊

( ဂ )   ပြင်ဆင်ရန်လိုအပ်သည့် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊

(ဃ)    ကော်မတီမှ တင်သွင်းသော အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များမှ ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိစေရ။

၉။      အပိုဒ် ၈ အရ ကော်မတီ၏တင်ပြချက်နှင့် အကြံပြုချက်များသည် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည့် အပြင် ကော်မတီနှင့် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက် များလည်း ဖြစ်ရမည်။

၁၀။    ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီး ဖြစ်ပါက-

(က)    ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင် တင်ပြရမည်၊

( ခ )   တင်ပြမည့် အစီရင်ခံစာမူကြမ်းကို ကော်မတီက သဘောတူလျှင် ကော်မတီဥက္ကဋ္ဌ သည် အစီရင်ခံစာကို လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြ ရမည်၊ ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်များသည် အစီရင်ခံစာကိုသဘောတူကြောင်း လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊

( ဂ )   ကော်မတီ သို့မဟုတ် အဖွဲ့၏ဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်က လက်မှတ်ရေးထိုးတင်ပြနိုင်သည်၊

(ဃ)    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍ (၁၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။

၁၁။    ကော်မတီဝင်များသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုအထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊

( ဂ )   ကော်မတီဝင်အဖြစ်မှနှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျှက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ

၁၂။    ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန် ဖြစ်စေ၊ကော်မတီရုံးစိုက်ရာဒေသတွင်ရောက်ရှိနေစဉ်၌လည်းကောင်း၊

တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၃။    ကော်မတီဝင်များသည် –

(က)    ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေး ချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်၊

( ခ )   ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

( ဂ )   ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။

ကော်မတီ၏သက်တမ်း

၁၄။    မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ သက်တမ်းသည် တိုင်းဒေသကြီးလွှတ်တော်သက်တမ်းနှင့်အညီဖြစ်ပြီးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း တစ်နှစ်ပြည့်မြောက် သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်၊ အစားထိုးတာဝန်ပေးအပ်နိုင်သည်။

 

                                                                                                               ဦးတာ

                                                                                                               ဥက္ကဋ္ဌ