တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း

ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း

၁။      မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီကို ရည်ညွှန်းပါစာဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

၂။      သို့သော်လည်း ကော်မတီဥက္ကဋ္ဌဖြစ်သူဦးနေမျိုးကျော်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတာဝန် ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် လုပ်ငန်းလိုအပ်ချက်အရ (၅.၁၀.၂၀၁၆)ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး(အဋ္ဌမနေ့)၌ လွှတ်တော်၏အတည်ပြုချက်အရ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များပါဝင် သော ကော်မတီဝင်(၁၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် –

(က)    ဦးမြင့်အောင်            ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                      ဥက္ကဋ္ဌ

( ခ )   ဦးဌေးဝင်း               ထီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)     အဖွဲ့ဝင်

( ဂ )   ဦးဟန်ဇော်ဝင်း         ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)                 အဖွဲ့ဝင်

(ဃ)    ဦးဇော်မိုးအောင်        သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

( င )   ဦးစိုးဝင်း                 ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

( စ )   ဒေါ်ညိုညိုဦး            စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)           အဖွဲ့ဝင်

(ဆ)    ဦးအောင်ဆန်းဝင်း     ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                  အဖွဲ့ဝင်

( ဇ )   ဦးသက်နိုင်               မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)                     အဖွဲ့ဝင်

( ဈ )   ဦးအေးလှိုင်ဦး           မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)     အဖွဲ့ဝင်

(ည)    ဦးထင်လင်း             ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                   အဖွဲ့ဝင်

( ဋ )   ဦးမောင်ကို               မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

( ဋ္ဌ )   ဦးကျော်ဆန်းအောင်   ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

( ဍ )   ဦးတင်မောင်ဦး         ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)            အဖွဲ့ဝင်

( ဎ )   ဗိုလ်ကြီးတင်ဌေး       တပ်မတော်သားကိုယ်စားလှယ်                      အဖွဲ့ဝင်

(ဏ)   ဦးကျော်ဌေး             မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)             အတွင်းရေးမှူး

၃။      ဤကော်မတီသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့်ဖြစ်သည်။

ကော်မတီ၏တာဝန်များ

၄။      ကော်မတီသည် –

(က)    တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှု ရှိစေရေး
အတွက် ကူညီဆောင်ရွက်ပေးရမည်၊

( ခ )   ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်၊

( ဂ )   ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု၊ အခွင့်အရေး လွတ်လပ်မှု၊ အခွင့်အရေးတရားမျှတမှု အရေးတို့ကို နိုင်ငံသားတိုင်း ခံစားနိုင်ရေး အတွက် အားပေးကူညီရမည်၊

(ဃ)    နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာရရှိရေးအတွက် စိစစ်ကူညီ
ဆောင်ရွက်ပေးရမည်၊

( င )   သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျှက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိပါက လွှတ်တော်သို့တင်ပြရမည်၊

( စ )   သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်မျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင်ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိကူညီရမည်၊

(ဆ)    သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျှက်ရှိသည့်
တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

၅။      ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။

၆။      ကော်မတီသည် ကော်မတီ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစားရမည်။ သို့ရာတွင် –

(က)    ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍             ထောက်ခံသူမလို၊

( ခ )   ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီးဆွေးနွေးခွင့်ရှိသည်၊

( ဂ )   ကော်မတီဝင်များသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့်ညှိနှိုင်းပြီး ဖြေကြား
နိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၇။      ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို မှတ်တမ်းတင်၍        ကော်မတီကအတည်ပြုထားရမည်။        ယင်းအစည်းအဝေးမှတ်တမ်းများကိုဖြန့်ဝေခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီ၏ လုပ်ပိုင်ခွင့်များ

၈။      ကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပ​ဒေ ၆၅ ပါပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။

၉။      ကော်မတီသည် –

(က)    နိုင်ငံတော်နှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို
တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊

( ခ )   ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊ ဝေဖန် သုံးသပ်ချက်များကိုစိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊

( ဂ )   ပြင်ဆင်ရန်လိုအပ်သည့် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ နိုင်ခွင့်ရှိသည်၊

(ဃ)    ခေတ်နှင့်မလျော်ညီသော အရေးအသားအသုံးအနှုန်းများကို ဥပဒေရှုထောင့်မှ ပြင်ဆင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

၁၀။    အပိုဒ် ၈ အရ ကော်မတီ၏တင်ပြချက်နှင့် အကြံပြုချက်များသည် တရားစီရင်ရေး၊ ဥပဒေ ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများတွင် ပါရှိသည့် ကိစ္စနှင့်စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည့်အပြင် ကော်မတီနှင့်အကျုံးဝင်သောတင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။

၁၁။    တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများကို ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက –

(က)    ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင်
တင်ပြရမည်၊

( ခ )   အစီရင်ခံစာမူကြမ်းကို ကော်မတီကသဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာကို လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊ ကော်မတီဝင်    သို့မဟုတ်    အဖွဲ့ဝင်များသည်   အစီရင်ခံစာကို   သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊

( ဂ )   ကော်မတီ သို့မဟုတ် အဖွဲ့၏ဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်က လက်မှတ်ရေးထိုးတင်ပြနိုင်သည်၊

(ဃ)    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများနှင့်စပ်လျဉ်း၍ ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍ (၁၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) ကော်မတီ၏ အစီရင်ခံစာ ကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။

၁၂။    ကော်မတီဝင်များသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင် လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုအထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊

( ဂ )   ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသောအကျိုးအကြောင်းဖော်ပြလျှက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ

၁၃။    ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ကော်မတီရုံးစိုက်ရာဒေသတွင်ရောက်ရှိနေစဉ်၌လည်းကောင်း၊

တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၄။    ကော်မတီဝင်များသည် –

(က)    ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

( ခ )   ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

( ဂ )   ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။

ကော်မတီ၏သက်တမ်း

၁၅။    မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများကော်မတီ၏ သက်တမ်းသည် တိုင်းဒေသကြီးလွှတ်တော်သက်တမ်း နှင့်အညီ ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်၊ အစားထိုးတာဝန်ပေးအပ်နိုင်သည်။

 

၁၆။    မကွေးတိုင်းဒေသကြီးလွှတ်တော်၏ ရည်ညွှန်းပါစာဖြင့် ကော်မတီဖွဲ့စည်းထားရှိမှုအား ဤစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

 

 

 

 

                                                                                                             ဦးတာ

                                                                                                             ဥက္ကဋ္ဌ