တိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၉.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၈.၅၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး စေတုတ္ထရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃)ဦးတို့မှ အကြံပြုဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်တွင် အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက အဆိုတင်သွင်းခဲ့ရာ ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက အတည်ပြုပေးရန် ထောက်ခံဆွေးနွေးခဲ့ပါသည်။
ထို့နောက် လွှတ်တော်၏ သဘောထားဆန္ဒကိုရယူခဲ့ကာ လွှတ်တော်က သဘောတူသည့်အတွက်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး၊ ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် ဥပဒေကြမ်းတစ်ရပ်လုံးနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတိုင်း လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နေ့လယ်
(၁၂း၂၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀းဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။