တောင်တွင်းကြီးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လူမှုကူညီရေးအသင်းသို့ အလှူငွေပေးအပ်ခြင်းနှင့် 200 KVA ထရန်စဖော်မာပေးအပ်လှူဒါန်းပွဲတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ မတ်လ(၃)ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်၊ တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် ငွေကျပ် သိန်း(၄၀)လှူဒါန်းခြင်းနှင့် မိုးသောက်ကြယ်လူမှုကူညီရေးအသင်းသို့ ငွေကျပ် (၁၀)သိန်းလှူဒါန်းခြင်းအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာနှင့် ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တောင်တွင်းကြီးမြို့နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်၊ အမျိုးသားလွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အလှူငွေများလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု ပြတိုက်သို့သွားရောက်လေ့လာခဲ့ကာ ပြတိုက်တာဝန်ခံမှ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့တို့မှ မွန်းလွဲ(၁၃ဝဝ)နာရီအချိန် အမျိုးသားလွှတ်တော်ရုံး၏ ဆက်သွယ်ကူညီမှုဖြင့် စိုးလျှပ်စစ် ဖောင်ဒေးရှင်းမှ တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကျေးရွာတိုးချဲ့ လျှပ်စစ်မီးလင်းရေးအတွက် 200 KVA ထရန်စဖော်မာပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားများပြောကြားခဲ့ပြီး စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ မန်နေဂျင်းဒါရိုက်တာက 200 KVA ထရန်စဖော်မာအား ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားခဲ့၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပါသည်။