ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်

နိဒါန်း

၁။       ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆၊ အပိုဒ်ခွဲ(ဂ)အရ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၂/၂၀၁၆)ဖြစ်ပါသည်။

၂။       မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီသည် (၉.၈.၂၀၁၆)ရက်နေ့တွင် ကော်မတီဝင်(၅)ဦးအပါအဝင် မကွေးမြို့၊ မြို့မစျေးသို့လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ဦးဆောင်လျှက် (၅.၉.၂၀၁၆)ရက်နေ့တွင် မကွေးခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စည်ပင်သာယာရေးကော်မတီ များနှင့်လည်းကောင်း၊ (၆.၉.၂၀၁၆)ရက်နေ့တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စည်ပင်သာယာရေးကော်မတီ များနှင့်လည်းကောင်း၊(၇.၉.၂၀၁၆)ရက်နေ့တွင် သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စည်ပင် သာယာရေးကော်မတီများနှင့်လည်းကောင်း၊ (၉.၉.၂၀၁၆)ရက်နေ့တွင် ပခုက္ကူနှင့် ဂန့်ဂေါခရိုင် အတွင်းရှိမြို့နယ်များမှ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်လည်းကောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

ရည်ရွယ်ချက်

၃။       ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းတင်သွင်းသော သားသတ် လုပ်ငန်းများအား စျေးပြိုင်စနစ်ဖြင့်ရောင်းချခြင်း(၅%)၊(၁၀%)စသည်ဖြင့် သက်တမ်းတိုးစနစ်အား စည်ပင်သာယာရေးကော်မတီစျေးများတွင် အသားရောင်းခုံများဖွင့်လှစ်၍ လွတ်လပ်စွာရောင်းချခွင့် ပြုနိုင်ရေးကိစ္စနှင့်ပတ်သက်သောအဆိုကို လွှတ်တော်မှအတည်ပြုခဲ့ပြီးဖြစ်ပါသည်။ ယင်းအဆိုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ အကြံပြုဆွေးနွေးတင်ပြချက် များကို ကြားနာရန်ရည်ရွယ်ပါသည်။

လေ့လာတွေ့ရှိချက်

၄။       မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကော်မတီသည် (၉.၈.၂၀၁၆)ရက်နေ့ နံနက်ပိုင်း၌ မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးရာတွင် သားသတ်လိုင်စင်ကိစ္စနှင့်ပတ်သက်၍ ခုံစနစ်ဖြင့်ဆောင်ရွက်ရန်အချိန်အနည်းငယ် ယူရမည်ဖြစ်ကြောင်း၊ကျေးရွာများတွင် စည်ပင်ဥပဒေသက်ရောက်မှုမရှိသည့်အတွက် အခွန်ကောက်ရာတွင် ကျေးရွာ/မြို့ဟူ၍ခွဲခြားဆောင်ရွက်ခြင်းမဟုတ်ဘဲ သားသတ်လုပ်ငန်းကိုသာ ကောက်ခံခြင်းဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ရငွေအဖြစ် (၁၂၃၇.၉)သိန်း ရမည်ဟုလျာထားပြီး သုံးငွေအဖြစ် သာမန်အသုံးစရိတ်(၈၂၆.၂)သိန်း၊ ငွေလုံးငွေရင်းအသုံးစရိတ်(၃၈၇.၇)သိန်းလျာထားပါကြောင်း၊ရေနံတွင်းတိမ်ငှားရမ်းခရန်ပုံငွေမှ မကွေးမြို့ပေါ်ရှိလုပ်ငန်း(၃)ခုအားလျာထားပါကြောင်း၊ ပထမတစ်ခု အနေဖြင့် ဗိုလ်ချုပ်လမ်း နိုင်လွန်ကတ္တရာခင်းရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်ဖက်လျှင် (၂၄)ပေသာဆောင်ရွက်မည်ဖြစ်သဖြင့် ကျန်အပိုင်းဖြစ်သော တစ်ဖက်လျှင်(၆)ပေစီကိုကွန်ကရစ်ခင်း ဆောင်ရွက်နိုင်ရေးဖြစ်ပါကြောင်း၊ ဒုတိယတစ်ခုမှာ မြသလွန်ဘုရား ရှောင်ကွင်းလမ်းဖြစ်သော သုခလမ်းတွင် ကတ္တရာခင်းမည်ဖြစ်ပြီး တတိယတစ်ခုမှာ ဗိုလ်ချုပ်ပန်းခြံအနီးမှ လမ်းငါးသွယ်အထိ ရေမြောင်းဆောင်ရွက်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့နောက် မကွေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဆောင်ရွက်မည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရငွေ၊ သုံးငွေစာရင်းများအား (၃)လတစ်ကြိမ် ကော်မတီသို့ပေးပို့စေလိုကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နေ့ နေ့လည်ပိုင်းတွင် ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များသည် မကွေးမြို့၊ မြို့မစျေးသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ရာ စျေးအတွင်း အသား၊ ငါး ရောင်းချသောနေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ စံအလေးချိန်ခွင် ကိုက်ညီမှုရှိ/မရှိ၊ ရေလောင်းအိမ်သာများ သန့်ရှင်းမှုရှိ/မရှိတို့ကိုကြည့်ရှု လေ့လာခဲ့ပြီး စျေးမှတာဝန်ရှိသူများ စျေးသူစျေးသားများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များ အကြံပြု ဆွေးနွေးချက်များကို ကြားနာခဲ့ပါသည်။

၅။       မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန်ဂေါခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များနှင့်တွေ့ဆုံရာတွင် ခုံခွဲစနစ်ပြောင်းလဲကျင့်သုံးခြင်းသည် စားသုံးသူအတွက် ရွေးချယ်ခွင့်နှင့် စျေးနှုန်းသက်သာစေပြီး တိုင်းဒေသကြီးအတွင်း ဝင်ငွေလျော့နည်းနိုင်ခြင်း မရှိကြောင်းအကြံပြုဆွေးနွေးကြပါသည်။ သားသတ်လိုင်စင်ကို တစ်ဦးတည်းလေလံစနစ်မှ ခုံစနစ်သို့ ပြောင်းလဲရာတွင် အားနည်းချက်နှင့် အားသာချက်များကိုအောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-

(က)    အားနည်းချက်

(၁)     ခုံများစွာဖွင့်လှစ်ရ၍ ကြီးကြပ်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ
အလုပ်ပိုလာခြင်း၊

(၂)      သားသတ်ရုံမြေနေရာ အဆောက်အဦ အခက်အခဲရှိခြင်း၊

(၃)     ယခင်သားသတ်လိုင်စင်စနစ်တွင် လေလံကြေး ပြည့်ဝစွာရရှိပြီး စျေးခုံစနစ် တွင် သတ်မှတ်စျေးခုံကြေးသာ ရရှိ၍ အခွန်ငွေလျော့နည်းခြင်း၊

(၄)     ပိုလျှံအသားများ ထွက်ရှိလာခြင်း၊

(၅)     ကျေးရွာများအတွက် စီမံခန့်ခွဲရန် အခက်အခဲရှိခြင်း၊

( ခ )   အားသာချက်

(၁)     လေလံတစ်ဦးတည်း ချုပ်ကိုင်မှုမရှိသည့်အတွက် အခြားသူများအားအလုပ်အကိုင် အခွင့်အလမ်းရရှိစေခြင်း၊

(၂)      အသားစျေးနှုန်းအား တစ်ဦးတည်းချုပ်ကိုင်မှုမှ ကာကွယ်နိုင်ခြင်း၊

(၃)     စားသုံးသူပြည်သူလူထုအတွက် ပစ္စည်းကောင်း၊ စျေးနှုန်းမှန်၊လတ်ဆတ်သော အသားများ ရွေးချယ်ခွင့်ရှိစေခြင်း၊

(၄)     မသမာမှုများ လျော့ပါးလာနိုင်ခြင်း၊

(၅)     စျေးကွက်မှ ရောင်းလိုအား၊ဝယ်လိုအားအပေါ်မူတည်၍စျေးနှုန်းတက်ခြင်း၊ကျခြင်း၊

(၆)     ခုံအလိုက် အသားများအား လွတ်လပ်စွာ ရောင်းချလာနိုင်ခြင်း၊

(၇)     သားသတ်ရုံနေရာ သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ကျန်းမာရေးအတွက် ပိုမိုစနစ်တကျဆောင်ရွက်နိုင်ခြင်း၊

(၈)     ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ကျယ်ပြန့်လာနိုင်ခြင်းတို့ကို ဆွေးနွေး ညှိနှိုင်းအဖြေရှာခဲ့ကြပါသည်။

၆။       ခရိုင်မြို့နယ်များရှိ မြို့နယ်များမှ စည်ပင်သာယာရေးအဖွဲ့၏ဝန်ထမ်းလစာနှင့်ပင်စင်လစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာငွေမှ ကျခံပေးစေလိုကြောင်း သက်ဆိုင်ရာကော်မတီများမှ တင်ပြခဲ့ကြပါသည်။

၇။       ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ အစီရင်ခံစာတွင် အကြံပြုဆွေးနွေး ထားသော ဆွေးနွေးချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုက်နာဆောင်ရွက်မှုမရှိသည်ကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည် –

(က)    မကွေးမြို့၊ ကမ်းနားလမ်းရှိ၊ မြဧရာပန်းခြံတွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချခြင်းကိစ္စ

( ခ )     ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ဆောင်ရွက်ပြီးစီးခဲ့သော မကွေးမြို့ရှိ မြို့ရှောင်လမ်းနှင့်
မကြီးကန်-ကန်လှ လမ်းများအား ဆက်လက်ဆောင်ရွက်နေခြင်းကိစ္စ

အကြံပြုဆွေးနွေးချက်

၈။       စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီသည် လေ့လာတွေ့ရှိချက်များအပေါ် အောက်ပါအတိုင်း အကြံပြုဆွေးနွေးတင်ပြအပ်ပါသည် –

(က)    မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုခဲ့ပြီးသော အဆိုဖြစ်ပါသဖြင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ရန်တာဝန်ရှိပါသည်၊

( ခ )   သားသတ်ရုံမြေနေရာနှင့် သားသတ်ရုံဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာဒေသခံ များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

( ဂ )   ခုံစနစ်နှင့်ပတ်သက်သည့် စည်းမျဉ်းဥပဒေများကို နယ်မြေဒေသအလိုက် အသေးစိတ် ရေးဆွဲပြဌာန်းရန်၊

(ဃ)    စျေးခုံရရှိသူများနှင့်ရော၍ တရားမဝင် အသားထုတ်လုပ်သူများမပေါ်ပေါက်စေရေး ကြပ်မတ်နိုင်ရန်၊

( င )   ခုံအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအား စနစ်တကျစိစစ်နိုင်ရန်၊

( စ )   ခုံအရေအတွက်သတ်မှတ်ရာတွင် နယ်မြေဒေသကိုအခြေခံ၍ သတ်မှတ်ရန်၊

(ဆ)    သားသတ်ရုံနှင့် သားသတ်သမားများ၏ စည်းမျဉ်းစည်းကမ်းများ စနစ်တကျ ထည့်သွင်းရေးဆွဲရန်၊

( ဇ )   ပိုလျှံအသားများနှင့် ထွက်ရှိလာသော သားရေများအား မည်သို့စီမံဆောင်ရွက်မည်ကို ထည့်သွင်းရေးဆွဲရန်၊

( ဈ)    အခြားအခွန်အခများ၊ တိမ်မြုပ်နေသောအခွန်အခများအား စနစ်တကျဖော်ဆောင်ရန်၊

(ည)    ဝန်ဆောင်မှုနှင့် ဒဏ်ကြေးများအပေါ် အားပြု၍ ဝင်ငွေရှာဖွေရန်၊

( ဋ )   စျေးခုံစနစ်အကောင်အထည်မဖော်မီ ခုံစနစ်နှင့်ပတ်သက်သော စစ်တမ်းများ ကောက်ယူ၍ စည်းမျဉ်းစည်းကမ်းများထွက်ရှိနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊

( ဋ္ဌ )   လမ်း၊ တံတားဆောက်လုပ်ခြင်းလုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်၍ ငွေလုံးငွေရင်းအသုံးစရိတ်လျော့နည်းလာအောင် ဆောင်ရွက်ရန်၊

( ဋ )   မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ သာမန်ငွေလုံးအသုံးစရိတ်များအားစနစ်တကျ စိစစ်ကြပ်မတ်ရန်၊ ပိုလျှံပါက ပြန်လည်အပ်နှံရန်၊

( ဎ )   စည်ပင်သာယာရေးဥပဒေများ သုံးသပ်ရန်လိုအပ်ပါသည်။

၉။       တိုင်းဒေသကြီးအတွင်း ကျွဲ၊ နွား မှောင်ခိုထုတ်မှုများရှိနေသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကြီးကြပ်စစ်ဆေး အရေးယူဆောင်ရွက်ရန်လိုကြောင်း အကြံပြုအပ်ပါသည်။

၁၀။     တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရေးဆွဲနေသော စီမံကိန်းများတွင် အမှန်တကယ်လိုအပ်သည့် စီမံကိန်းများဖြစ်စေရန်၊ လမ်းများဖော်ပြရာတွင် နယ်မြေသတ်မှတ်ချက်၊ မိုင်အကွာအဝေး၊ ထပ်ပိုးခင်း၊ လမ်းချဲ့၊ ကွန်ကရစ်၊နိုင်လွန်၊ ကျောက်ချော စသည်ဖြင့်တိကျစွာဖော်ပြရန်၊ လျှပ်စစ်မီးတိုင်များစိုက်ထူရာတွင် အစားထိုးလဲလှယ်၊ အသစ်စိုက်ထူ၊ မိုင်အရေအတွက်၊ တိုင်အရေအတွက်တိကျစွာ ရေးဆွဲဖော်ပြရန်၊ ဆောင်ရွက်ပြီးစီမံကိန်းများ ထပ်မံ ပါဝင်လာခြင်းမရှိစေရေးအတွက် သေချာစိစစ်ရေးဆွဲရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခွန်စည်းကြပ် ကောက်ခံရာတွင် ဝင်ငွေခွန်ကူးသန်းရောင်းဝယ်ရေးအခွန်စသည့် အခွန်စည်းကြပ်ပုံများကို ပြည်သူ လူထုအားနားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပြီးမှကောက်ခံရန်၊ ရငွေများကိုစိစစ်ရာတွင် လည်းကောင်း၊ သုံငွေများကိုခွဲဝေသုံးစွဲရာတွင်လည်းကောင်း၊ လေလွင့်ပြုန်းတီးမှုမရှိစေရန်နှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်စေလိုကြောင်း အကြံပြုဆွေးနွေး တင်ပြအပ်ပါသည်။

၁၁။     မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ အစီရင်ခံစာမှ အကြံပြုဆွေးနွေးချက်များကို ဆောင်ရွက်နိုင်မှုမရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ရန်မလိုကြောင်း ကော်မတီသို့ပြန်လည်ဖြေရှင်းပေးပါရန် အကြံပြုဆွေး​နွေးတင်ပြအပ်ပါသည်။

အသားရောင်းချခြင်းဆိုင်ရာ ခုံစနစ် အဆိုတင်သွင်းသူ၏ သဘောထားမှတ်ချက်

၁၂။     ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းသည် ပြည်သူလူထုများ အသားစျေးနှုန်းသက်သာ၍ ကောင်းမွန်စွာစားသုံးနိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုပိုမိုလာစေရေး၊ နှစ်စဉ်အသားစျေးနှုန်းကြီးမြင့်မှုနှင့် အသားရောင်းလိုင်စင်စနစ်ကြောင့် ဖြစ်ပေါ်နေသော မသမာမှုများကိုကာကွယ်နိုင်ရေး၊ အသားစားသုံးနိုင်မှုနည်းပါးခြင်းကြောင့် ဖြစ်ပေါ်နေသော အဟာရချို့တဲ့မှုများကိုကာကွယ်နိုင်ပြီး ပညာရေး၊ ကျန်းမာရေးများ တိုးတက် ကောင်းမွန်လာစေရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း များကို   မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ    အားပြု၍    ဝင်ငွေရှာဖွေလာစေနိုင်ရေးတို့အတွက်လွတ်လပ်စွာရောင်းချနိုင်သော ခုံစနစ်ကို ပြောင်းလဲကျင့်သုံးရန် လွှတ်တော်သို့တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိထောက်ခံခဲ့ကြပြီး လွှတ်တော်မှ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် အတည်ပြုထားပြီးဖြစ်ကြောင်း၊ လွှတ်တော်မှအတည်ပြုထားသောအဆိုကို တည်ဆဲ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအကျိုးကို ရည်ရွယ်သော အဆို၏ဦးတည်ချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ခြင်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း တင်ပြအပ်ပါသည်။

ရှေ့လုပ်ငန်စဉ်များ

၁၃။     မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးဘဏ္ဍာငွေအရအသုံးငွေစာရင်း၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ယစ်မျိုးခွန် ကောက်ခံ ရရှိမှုအခြေအနေ၊ အသေးစားငွေချေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုအခြေအနေတို့ကို လေ့လာ ဆောင်ရွက်သွားပါမည်။

နိဂုံး

၁၄။     နိဂုံးချုပ်အားဖြင့် အစီရင်ခံစာတွင် ယခုကဲ့သို့ အကြံပြုဆွေးနွေးရခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးသည် ဖွံ့ဖြိုးတိုးတက်သော တိုင်းတစ်တိုင်းဖြစ်လာစေရန် ရှေ့လုပ်ငန်းစဉ် များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ကော်မတီများ၊ လွှတ်တော်ရေးရာကော်မတီများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်ပါရန် အကြံပြု တိုက်တွန်းရင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

 

                                                                                        ဥက္ကဋ္ဌ

                                                           စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ

                                                                       မကွေးတိုင်းဒေသကြီးလွှတ်တော်