ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို (၈.၂.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့် အနက် (၆၈)ဦးတက် ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းအား တင်မြှောက်ခဲ့ပါသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များမှ သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိ သစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေး ထိုးခဲ့ကြပါသည်။ ဆက်လက်၍ စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးတာအား လွှတ်တော်ဥက္ကဌအဖြစ် လည်းကောင်း၊ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းအား ဒုတိယဥက္ကဌအဖြစ်လည်းကောင်း၊ တင်မြှောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာ နည်းဥပဒေ  ၂၈ အရ သဘာပတိရှေ့မှောက်တွင် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌအဖြစ် ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်၌ လက်မှတ်ရေးထိုးကြပါသည်။ ၂၀၁၃ ခုနှစ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၉ အရ သဘာပတိက လွှတ်တော်ဥက္ကဌအား တာဝန် လွှဲအပ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ဒုတိယအကြိမ် မကွေး တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ တိုင်းဒေသကြီးတရာလွှတ်တော် တရား သူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်  တရားသူကြီးများရွေးချယ်ရန်နှင့် အခြားလွှတ်တော်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်ပြီးသည့် နောက်တွင် အစည်းအဝေး ဒုတိယ နေ့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပြီးနောက် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့အစီအစဉ်များကို (၁၀၅၀) အချိန်တွင် ရပ်နားခဲ့ပါသည်။