
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၆.၂.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၈)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဖွဲ့စည်းမှု၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဖွဲ့စည်းမှု နှင့် လွှတ်တော်ကိုယ်စားလှယ် များ စိစစ်ကော်မတီဖွဲ့စည်းမှုတို့နှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များမှ တစ်စုံတစ်ရာဆွေးနွေးမှုမရှိပါသဖြင့် လွှတ်တော် အဆုံးအဖြတ်ရယူကာ လွှတ်တော်ကအတည်ပြု ကြောင်း လွှတ်တော်ဥက္ကဌကကြေညာပါသည်။ ဆက်လက်ပြီး မင်းဘူးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်၏ အရေးကြီးအဆိုတင်သွင်းမှုအပေါ် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကိုဖော်ပြ၍ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် မီးဘေးသင့်ပြည်သူများအား ပေးအပ်လှူဒါန်း ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်(၆၈)ဦး၏ (၂၆.၂.၂၀၁၆)ရက်နေ့ (၁)ရက်တာရရှိမည့် နေ့တွက် စရိတ်စုစုပေါင်း ငွေကျပ် (၁၃)သိန်း (၁)သောင်းကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းမည့်အစီအစဉ်ကို လွှတ်တော်က အတည်ပြု ကြောင်းကြေညာခြင်းနှင့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၀၂၆)အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေးကို (၁.၃.၂၀၁၆)ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌကကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ပါသည်။