
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ကို (၄.၄.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ (၆၈)ဦးရှိသည့်အနက် (၆၇)ဦး တက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဆိုပြုလာသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးအား အမည်စာရင်းတင်သွင်းရာ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များမရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူကာ လွှတ်တော်က သဘောတူအတည်ပြုကြော်င်း ကြေညာပြီး ၎င်းပုဂ္ဂိုလ်၏အမည်စာရင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ လွှတ်တော်က သဘောတူ ကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌကကြေညာပါသည်။ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအား ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ရန် အဆိုပြုတင်သွင်းခြင်းကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ ကကြေညာပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့မှ ကတိသစ္စာပြုပါသည်။ ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို မကွေးမဲဆန္ဒ နယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုလတ်က လွှတ်တော်သို့ဖတ်ကြားတင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်း မှ တင်ပြဆွေးနွေးခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဝင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် အတည် ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကသဘောတူသည့်အတွက် အဆိုအတည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌကကြေညာပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသ ကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒဿမနေ့ကို ၂၀၁၆ခုနှစ်၊ ဧပြီလ(၅) ရက် (အင်္ဂါနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာကာ နဝမနေ့အစည်းအဝေးကို (၁၀၅၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။