ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့ကို (၆.၄.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ(၆၈)ဦးရှိသည့်အနက်(၆၆)ဦးတက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မှ  အဆိုပြုလာသောဝန်ကြီးဌာနအလိုက် ဝန်ကြီးအမည်စာရင်းကို လွှတ်တော်သို့တင်ပြရာ ယင်းအမည်စာရင်း နှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူကာ ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ  ၅၃ အရ လွှတ်တော်ကသဘောတူကြောင်း ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့မှ ကတိသစ္စာပြုကြပါသည်။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်းကြားစာများ၊ အသနားခံစာများ စိစစိဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ အမည်စာရင်း၊ တာဝန်၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ တင်ပြရာ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက (၇.၄.၂၀၁၆)ရက် (ကြာသပတေးနေ့) လွှတ်တော်(၁၂)ရက်နေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပါကြောင်းနှင့် ဆွေးနွေးလိုသည့် ပုဂ္ဂိုလ်သည် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။ ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းအပေါ် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာကို ကံမမဲဆန္ဒနယ် အမှတ်(၁)မှ ဦးဇော်ဝင်းက ဖတ်ကြားတင်သွင်းပြီး ချောက်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက တင်ပြ ဆွေးနွေး ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ပြန်လည် ရှင်းလင်းဆွေးခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်းကို တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ  ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်နေ့ကို (၇.၄.၂၀၁၆) ရက် နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာကာ  (၁၁)ရက်နေ့ အစည်းအဝေးကို နံနက်(၁၀၅၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။