ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို (၂၀.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့် အနက် (၆၂)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားခြင်း လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း ဝင်များမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်းက ပထမ အကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သော ဥပဒေများနှင့် စပ်လျဉ်း၍ နည်းဥပဒေများ ဆောလျင်စွာ ထွက်ရှိနိုင်ရေးတိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူပြီး လက်ခံဆွေးနွေးရန်ဆုံးဖြတ်သော ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။

မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က အခွန်လွတ်စျေးအား မင်္ဂလာစျေး (လက္ကားစျေး) အဖြစ် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခြင်းကိစ္စ၊ အခွန်ကောက်ခံခြင်းကိစ္စနှင့် ပတ်သက်သော အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးတွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူပါသည်။ လက်ခံ ဆွေးနွေးရန်ဆုံးဖြတ်သော ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာပါသည်။

ဆက်လက်ပြီး ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန်းစန်းဝင်းက သားသတ်လုပ်ငန်း များအား စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း(၅%)(၁၀%)စသည်ဖြင့် သက်တမ်းတိုးစနစ်အား စည်ပင်သာယာရေး ကော်မတီစျေးများတွင် အသားခုံများဖွင့်လှစ်၍ လွတ်လပ်စွာ ရောင်းချခွင့် ပြုနိုင်ရေးကိစ္စနှင့် ပတ်သက်သော အဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်းစာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာပါသည်။

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ (အင်္ဂါနေ့) (၁၀၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို  (၁၂၁၇)နာရီအချိန်တွင် ရပ်နားခဲ့ ပါသည်။