
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၁.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့် အနက် (၆၁)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၁)ဦးက ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း များ အားနည်းနေမှုအပေါ် ပြုပြင်ပြောင်းလဲတိုးတက်လာစေရန် အဆို တင်သွင်းခြင်းနှင့် ယင်းအဆိုအား လက်ခံ ဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူပြီး လွှတ်တော်မှ လက်ခံဆွေးနွေးရန် သဘောတူညီသည့်အတွက် ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက (၂၃.၆.၂၀၁၆)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာ ပါသည်။
ဆက်လက်ပြီး မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်စွမ်းရည်က မင်းဘူးမြို့နယ်၊ အမှတ်(၁) ရပ်ကွက်တွင် သမ္မတရန်ပုံငွေ သိန်းပေါင်း(၁၆၀၀၀)နှင့် မြစ်ရေတင်စီမံကိန်း ရေပေးဝေရေးကိစ္စနှင့် ပတ်သက်၍ အများပြည်သူဆန္ဒနှင့် လိုအပ်ချက်များကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် ယင်းအဆိုအား လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ် ရယူရာ လွှတ်တော်မှ လက်ခံဆွေးနွေးရန်သဘောတူညီခဲ့သည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိက(၂၃.၆.၂၀၁၆)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာပါသည်။
ဆက်လက်ပြီး အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးကျော်က လူနေရပ်ကွက် တွင်ရှိသော UKT အရက်ချက်စက်ရုံကြီး လည်ပတ်နေမှုကို ရပ်ဆိုင်းရေးတိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့် ယင်းအဆိုအား လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည့်အတွက် ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိက (၂၃.၆.၂၀၁၆)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းဥက္ကဌကကြေညာပါသည်။
ထို့နောက် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းထား ခြင်းမရှိပါသဖြင့် ယင်းအစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီမှာ ဆောင်ရွက်ရမည့်လုပ်ငန်းများ အကောင်အထည်ဖော်ပြီးဖြစ်ပါသဖြင့် ဖွဲ့စည်းတာဝန် ပေးခြင်းကို ယနေ့မှ စတင်ရပ်နားပြီး လိုအပ်သောကာလတွင်မှ လွှတ်တော်သို့ တင်ပြ၍ ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပါကြောင်း ကြေညာပါသည်။
၎င်းနောက် ပြည်သူ့ငွေစာရင်းကော်မတီ၏ မင်းတုန်းမြို့နယ် ကျောက်နသိုးရေလွှဲဆည်နှင့် ကစော့ရင်းရေလွှဲဆည်တို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်တို့ ပါဝင်သည့် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဆိပ်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်သက်မွန်အေးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ယင်းအစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက (၂၂.၆.၂၀၁၆)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့အား (၁၂၀၇) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့အစည်းအဝေးအား (၂၂.၆.၂၀၁၆)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။