
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၂.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့် အနက် (၆၂)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၃)ဦး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေးပထမနေ့တွင် မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်း တင်သွင်းခဲ့သော ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သော ဥပဒေများနှင့် စပ်လျဉ်း၍ နည်းဥပဒေများ ဆောလျင်စွာ ထွက်ရှိနိုင်ရေးတိုင်တွန်းကြောင်းအဆို နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့မှ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီး(၄)ဦးမှ ပြန်လည် ရှင်းလင်းဆွေးနွေးကာ အဆိုရှင်မှ ၎င်း၏သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်းအဆို နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောဆန္ဒကိုရယူကာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
အစည်းအဝေး ပထမနေ့တွင် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က တင်သွင်းခဲ့သော အခွန်လွတ်စျေးအား မင်္ဂလာစျေး(လက္ကားစျေး)အဖြစ် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်းကိစ္စ၊ အခွန်ကောက်ခံ ခြင်းကိစ္စနှင့်ပတ်သက်သော အဆိုနှင့်စပ်လျဉ်း၍ ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန်းစန်းဝင်းက ဆွေးနွေးပြီး သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆိုရှင်မှ ၎င်း၏ သဘော ထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောဆန္ဒကိုရယူကာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး အစည်းအဝေးပထမနေ့တွင် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန်းစန်းဝင်း တင်သွင်းခဲ့သော သားသတ်လုပ်ငန်းများအား စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း(၅%)(၁၀%) စသည်ဖြင့် သက်တမ်း တိုးစနစ်အား စည်ပင်သာယာရေး ကော်မတီစျေးများတွင် အသားခုံများ ဖွင့်လှစ်၍ လွတ်လပ်စွာ ရောင်းချခွင့်ပြုနိုင်ရေးကိစ္စနှင့် ပတ်သက်သော အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးရာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆိုရှင်မှ ၎င်းသဘောထားကို လွှတ်တော်သို့တင်ပြပါသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားဆန္ဒကိုရယူကာ လွှတ်တော် ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပြီး အစည်းအဝေးကို မွန်းလွဲပိုင်း (၁၂၄၅)နာရီအချိန်တွင် ခေတ္တရပ်နားခဲ့ပါသည်။
အစည်းအဝေးနေ့လည်ပိုင်းအစီအစဉ်ကို (၁၄၀၀)နာရီအချိန်တွင် ပြန်လည်စတင်ရာ စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်ခိုင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားများကို မိမိတို့ ဒေသ၊ ရေမြေရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ပြီး အကျိုးစီးပွားဖြစ်ထွန်းနိုင် သည့် သီးနှံများကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့်ရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အာမခံပေးရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်းအဆိုတင်သွင်းခြင်းနှင့် ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန်လွှတ်တော်ကသဘောတူသည့်အတွက် ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက (၂၄.၆.၂၀၁၆)ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ပ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာပါသည်။
ဆက်လက်ပြီး မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်က ယခင်နှစ်များ အတွင်း ဆောင်ရွက်ခဲ့သော မကွေးတိုင်းအတွင်း ဘတ်ဂျက်စီမံကိန်းများထဲမှ စံချိန်စံညွှန်း ပြည့်မှီခြင်းမရှိသော စီမံကိန်းများ ၊ လုပ်ငန်းတင်ဒါစည်းကမ်းများ လိုက်နာခြင်းမရှိသော စီမံကိန်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာဌာန၊ ကုမ္ပဏီများမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စီမံကိန်းလုပ်ငန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်သွားနိုင်စေရေး တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့် ယင်းအဆိုကို လက်ခံ ဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန်လွှတ်တော်ကသဘောတူသည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက (၂၄.၆.၂၀၁၆) ရက်နေ့တွင် ဆွေးနွေး မည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဌက ကြေညာပါသည်။
ထို့နောက် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ လေ့လာစောင့်ကြည့်မှု အစီရင်ခံစာကို မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က ဆွေးနွေးခဲ့ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ မင်းတုန်းမြို့နယ် ကျောက်နသိုးရေလွှဲဆည်နှင့် ကစော့ရင်းရေလွှဲဆည်တို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်တို့ ပါဝင်သည့် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းထားခြင်း မရှိပါသဖြင့် ယင်းအစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
ထို့နောက် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ကော်မတီဥက္ကဌ၊ မြို့သစ်မြို့နယ် မဲတန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ဖတ်ကြား တင်သွင်း ပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ (၂၃.၆.၂၀၁၆)ရက်နေ့ လွှတ်တော် စတုတ္ထနေ့ အစည်းအဝေးတွင် ဆွေးနွေး မည်ဖြစ်ပါသဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
ဆက်လက်၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် မင်းလှမြို့နယ် မဲတန္ဒနယ်အမှတ်(၂)မှ ဦးမောင်ကိုက လွှတ်တော်သို့ဖတ်ကြား တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ (၂၃.၆.၂၀၁၆)ရက်နေ့ လွှတ်တော်စတုတ္ထနေ့ အစည်းအဝေးတွင် ဆွေးနွေး မည်ဖြစ်ပါ သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီကို အဖွဲ့ဝင်(၆)ဦး ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်(၆)ဦး ဖြင့်လည်းကောင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းအားလွှတ်တော်က သဘောတူ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့အား (၁၅၀၀) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို (၂၃.၆.၂၀၁၆) ရက်နေ့(ကြာသပတေးနေ့)နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။