
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၂၄.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့် အနက် (၆၂)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၂)ဦးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အစည်းအဝေးတတိယနေ့တွင် စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်ခိုင် တင်သွင်းသော မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများကို မိမိတို့ ဒေသ၊ ရေမြေရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းနိုင် သည့် သီးနှံများကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့်ရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အာမခံပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ဦးအေးလှိုင်ဦး က ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုရှင်မှ၎င်း၏ သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို ရယူကာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။ အစည်းအဝေးတတိယနေ့တွင် မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေမျိုးကျော်တင်သွင်းခဲ့သည့် ယခင်နှစ်များအတွင်းဆောင်ရွက်ခဲ့သော မကွေးတိုင်းအတွင်း ဘတ်ဂျက်စီမံကိန်းများထဲမှ စံချိန်စံညွှန်း ပြည့်မှီ ခြင်းမရှိသော စီမံကိန်းများ ၊ လုပ်ငန်းတင်ဒါစည်းကမ်းများ လိုက်နာခြင်းမရှိသော စီမံကိန်းများကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာဌာန၊ ကုမ္ပဏီများမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စီမံကိန်းလုပ်ငန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်သွားနိုင်စေရေး တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတင့်စန်း၊ ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်ဝင်း၊မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်၊သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်တို့က ဆွေးနွေးခဲ့ ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုရှင်မှ၎င်း၏ သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို ရယူကာ လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်မည့်အစား ပွင့်ဖြူမြို့နယ် သရက်တောကျေးလက်ဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောက်လုပ်ပြီးစီးသည့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက် ကိစ္စနှင့်စပ်လျဉ်း၍ ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတင့်ဆန်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ယင်းဆောင်ရွက်ချက်ကိစ္စနှင့်စပ်လျဉ်း၍ မင်းဘူးမဲဆန္ဒနယ် အမှတ်(၂)မှ ဦးနေမျိုးကျော်နှင့် ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်မြင့်တို့က ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောဆန္ဒကိုရယူကာ လွှတ်တော်က သဘောတူသည့်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးကို့သော ဆောင်ရွက်ချက်ကိစ္စအား လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်ဌေးက မကွေးတိုင်းဆေးရုံကြီးကို တိုင်းဒေသကြီး မြို့တော်အင်္ဂါနှင့် ညီညွတ်မှုရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ယင်းအဆိုအားလက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည့်အတွက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက (၂၇.၆.၂၀၁၆)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပါ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းထားခြင်းမရှိပါသဖြင့် ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စိစစ်တွေ့ရှိ ချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာကို ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်လွင်က ဆွေးနွေးခဲ့ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၂၄၅) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဆဌမနေ့အစည်းအဝေးကို (၂၇.၆.၂၀၁၆)ရက်နေ့ (တနင်္လာနေ့)နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။