ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့ကို (၂၇.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့် အနက် (၆၅)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၂)ဦးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

အစည်းအဝေးစတုတ္ထနေ့တွင် မင်းဘူးမဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်စွမ်းရည်က မင်းဘူး(စကု)မြို့နယ်တွင်သာမကမကွေးတိုင်းဒေသကြီးအတွင်းမြို့နယ်များနှင့်သင့်လျော်သော(MainDrainage System) ရေထုတ်မြောင်းစနစ် များနှင့် အမှိုက်သိမ်းဆည်း မှုစနစ်များကို စီမံရေးဆွဲဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းနှင့် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးဇော်မိုးအောင်တို့က ဆွေးနွေးခဲ့ပြီးသက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုရှင်မှ၎င်း၏ သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို ရယူကာ လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာပါသည်။

အစည်းအဝေးစတုတ္ထနေ့တွင် မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းဌေးက မကွေးတိုင်းဒေသကြီး အတွင်းရှိ လက်ရှိဖွဲ့စည်းထားသော ခရိုင်နှင့်မြို့နယ် ပုဂ္ဂလိက ပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ် ရေးကော်မတီများကို ဖျက်သိမ်း၍ အသစ်ပြန်လည်ဖွဲ့စည်း နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်းပြီး ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်း၊ မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်နှင့် ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ဇင်နီနီဝင်းတို့က ဆွေးနွေးခဲ့ပြီးသက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အဆိုရှင်မှ၎င်း၏ သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို ရယူကာ လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာပါသည်။

အစည်းအဝေးပဉ္စမနေ့တွင် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်ဌေးက မကွေးတိုင်း ဆေးရုံကြီးကို တိုင်းဒေသကြီး မြို့တော်အင်္ဂါနှင့် ညီညွတ်မှုရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်ကိုယ်စားလှယ်များအမည်စာရင်းတင်သွင်း ထားခြင်း မရှိပသဖြင့် အဆိုကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးကာ အဆိုရှင်မှ ၎င်း၏ သဘောထားကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထား ဆန္ဒကို ရယူကာ အတည်ပြုကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းထားခြင်းမရှိပါသဖြင့် ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာ ပါသည်။

တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စီစစ်ဆောင်ရွက်ရေး ကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းထားခြင်းမရှိပါသဖြင့် ယင်းအစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာ ပါသည်။ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း လွှတ်တော်ဒုတိယဥက္ကဌက ကြေညာပြီး ဆဌမနေ့အစည်းအဝေးကို (၁၁၅၅)နာရီအချိန်တွင်   ရုပ်သိမ်းခဲ့ပါသည်။