
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးစတုတ္တနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးစတုတ္တနေ့ကို (၂၉.၉.၂၀၁၆)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုအား ကိုယ်စားလှယ်(၈)ဦးမှ မေးမြန်းပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီး(၂)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
ဆက်လက်ပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဝန်ကြီးဦးတင်နွယ်ဦး တင်သွင်းသော ဆောက်လုပ်မည့်အငှားအိမ်ရာများတွင် အခန်းအကျယ်အဝန်း ပြင်ဆင်ရန်နှင့် (၈)ခန်းတွဲ(၆)ထပ်အစား (၈)ခန်းတွဲ(၅)ထပ် ပြင်ဆင်ဆောက်လုပ်ရန်အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ် လျဉ်း၍ မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် နှင့် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် တို့က ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ယင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောဆန္ဒကိုရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း များ၏ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးဇော်မင်းက လွှတ်တော်သို့တင်သွင်းပြီး ယင်းခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် မြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်မှလည်းကောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းမှလည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဆင်ပေါင်ဝဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး မှလည်းကောင်း တင်သွင်းဆွေးနွေးခဲ့ကြပြီး ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္တနေ့ကို(၁၂၃၅) နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ (၃၀) ရက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။