ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးဆဌမနေ့ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဌမနေ့ကို (၃.၁၀.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု အားကိုယ်စားလှယ်(၇)ဦးမှ မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန၊အဖွဲ့အစည်း များ၏ ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်မူလခန့်မှန်းခြေ၊ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေစာရင်း နှင့်စပ်လျဉ်း၍ ပြည့်သူငွေစာရင်းကော်မတီ၏စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးတို့မှဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးမှပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်သူ့ငွေစာရင်း ကော်မတီ၏ အကြံပြုချက်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များအရ ပြန်လည် စိစစ်ဆောင်ရွက်နိုင်ရန်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ပေးပို့သွားမည်ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ထီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းကဆွေးနွေးခဲ့ပြီး ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်ဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိပါသဖြင့် ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်ဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို   ၂၀၁၆ခုနှစ်  အောက်တိုဘာလ (၄)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင်  ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာကာ  ဆဌမနေ့အစည်းအဝေးကို (၁၂၄၅)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။