
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၄.၁၀.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု အားကိုယ်စားလှယ်(၇)ဦးမှ မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦး မှပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီးအစည်းအဝေးပဉ္စမနေ့တွင် ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိဘဲ စည်းကမ်းမဲ့ရောင်းချနေသော အရက်ဆိုင်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ပြီးထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့မှဆွေးနွေးခဲ့ပြီး ယင်းအဆိုနှင့်စပ်လှဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီး သည်နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေသည့်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။အဆိုရှင်မှ၎င်း၏ သဘောထားကိုတင်ပြပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာလွှတ်တော်ကသဘောတူသည့်အတွက် ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၏အဆိုအား လွှတ်တော်မှအတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ထို့နောက်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင်ဝန်ကြီးဌာနအလိုက်ဝန်ကြီးများအဖြစ်ပြောင်းလဲတာဝန်ပေးအပ်မှုကို လွှတ်တော်ဥက္ကဌမှ လွှတ်တော်သို့တင်ပြရာလွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့ မှဆွေးနွေးခဲ့ပြီးယင်းပြောင်းလဲတာဝန်ပေးအပ်မှုနှင့်စပ်လျဉ်း၍လွှတ်တော်၏သဘောတူညီချက်ရယူ၍လွှတ်တော်ကအတည်ပြုကြောင်းနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍တရားစီရင်ရေး၊ဥပဒေရေးရာနှင့်တိုင်ကြားစာများအသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုကော်မတီအဖွဲ့ဝင် စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးကလွှတ်တော်သို့ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဌကကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဌမနေ့ကို ၂၀၁၆ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းလွှတ်တော်ဥက္ကဌက ကြေညာကာ ဆဌမနေ့အစည်းအဝေးကို (၁၂၅၅)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။