
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို (၄.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းေဒသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၇.၀၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၇)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက ပြည်သူ့ဘဏ္ဍာငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ အင်ဂျင်နီယာများ၏ ငွေကြေးကုန်ကျတွက်ချက်မှု (Estimate)နှင့် အမှန်တကယ် ဆောင်ရွက်ရာတွင် ငွေကြေးကုန်ကျမှု ကွာဟလျော့နည်းနေခြင်းများအပေါ် ထိရောက်လျင်မြန်စွာ စိစစ်ဆောင်ရွက် ပေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်ဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပပြုလုပ်ခြင်း လုပ်ငန်းများဆိုင်ရာ လေ့လာစုံစမ်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းကော်မတီနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က လက်ခံ သဘောတူခဲ့သည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပပြုလုပ်ခြင်း လုပ်ငန်းများဆိုင်ရာ လေ့လာစုံစမ်းရေးကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ လွှတ်တော်သို့ ဖတ်ကြားခဲ့ပြီး အဆိုပါ ဖွဲ့စည်းမည့် ကော်မတီဝင်များ၏ အမည်စာရင်း များနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က လက်ခံသဘောတူခဲ့သည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို နေ့လည်(၁၂းဝဝ)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀းဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။