ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆)ပထမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏မိန့်ခွန်း

မိန့်ခွန်းများ

လေးစားအပ်တဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများအားလုံး မင်္ဂလာပါခင်​ဗျာ။ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာနဲ့ မကွေးတိုင်းဒေသကြီး

အကျိုးစီးပွားသာမက ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက်ပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆထက်တပိုး သယ်ပိုးဆောင်ရွက်ပေးနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းမေတ္တာပို့သပါတယ်။ ပထမဆုံးကျွန်တော်လေးစားစွာတင်ပြလိုတာကတော့ ပြီးခဲ့တဲ့အစည်းအဝေးတုန်းက (၆)လပတ်အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်ဖတ်ကြားတင်သွင်းရမှာဖြစ်ပါတယ်။သို့သော်လည်းပဲ ကျွန်တော် ဒီဆက်သွယ်ရေးတာဝါတိုင်တွေကိစ္စ အငြင်းအခုန်လေးတွေ ဖြေရှင်းနေရတာဖြစ်တဲ့အတွက် အဲဒီအချိန်တုန်းက ကျွန်တော်ကိုယ်တိုင် (၆)လပတ်အစီရင်ခံစာကို တင်သွင်းနိုင်ခြင်းမရှိဘဲနဲ့ ကျွန်တော့်ကိုယ်စား အစိုးရအဖွဲ့ဝင်တစ်ဦးကို တင်သွင်းဖို့ တာဝန်ပေးခဲ့ပါတယ်။ ကျွန်တော့်ကို နားလည်ခွင့်လွတ်ပါလို့ လေးစားစွာ မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။ ဒီနေ့အစည်းအဝေးမှာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးအားလုံးကို ကျွန်တော်တင်ပြလိုတာ အချက်(၂)ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကျွန်တော်တို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ပိုလျှံငွေတွေနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။ တိုင်းဒေသကြီး ပိုလျှံတဲ့ငွေတွေကို ဘယ်လိုသုံးစွဲမယ်၊ ဘာကြောင့်ပိုလျှံတယ် ဒါလေးတွေနဲ့ ပတ်သက်ပြီးကျွန်တော်ရှင်းလင်းတင်ပြလိုတာဖြစ်ပါတယ်။အသေးစိတ်ကိုတော့မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးက ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် လမ်း/တံတား ဆောက်လုပ်ရေးလုပ်ငန်းတွေကနေပြီးတော့  ပိုလျှံတဲ့ငွေစုစုပေါင်းဟာ ၁၀.၂၇ ဘီလီယံရှိပါတယ်။ ကျပ်သန်းပေါင်း (၁၀၀၀၀) ကျော်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ပိုလျှံလာတာဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စီမံချက်အရွယ်အစားကိုလည်းကောင်း၊ အရေအတွက်ပမာဏကိုလည်းကောင်း ဖြတ်တောက်ခြင်းမပြုဘဲနဲ့ ပိုလျှံလာတဲ့ ငွေပမာဏဖြစ်ပါတယ်။ သန်းပေါင်းတစ်သောင်းကျော် ပိုလျှံတာများလှချည်လား၊ ဒီကိန်းဂဏန်းတွေက အမှန်တစ်ကယ်ပိုလျှံတာဟုတ်ရဲ့လား သက်ဆိုင်ရာ တိုင်းဒေသကြီး အင်ဂျင်နီယာ၊ ဆောက်လုပ်ရေးဝန်ကြီးများနဲ့မေးမြန်းတဲ့အခါအမှန်တစ်ကယ်ပိုလျှံတာ ဖြစ်တဲ့အကြောင်း သူတို့ကရှင်းပြ ပါတယ်။ ဘာကြောင့် ဒီလောက်တောင်ပိုလျှံရတာလဲလို့ ကျွန်တော်ထပ်ပြီးမေးတဲ့အခါကျတော့ သူတို့က ဒီလမ်းဖောက်တဲ့အခါမှာသုံးတဲ့ လမ်းခင်း ကျောက်တွေ၊ ကတ္တရာတွေ ဒါတွေကို စိစစ်ပြီးတော့ တင်တာဖြစ်တဲ့အတွက်ကြောင့် အလေအလွင့်မရှိဘဲ ပိုလျှံလာတာဖြစ်တယ်လို့ သူတို့ကပြောလို့ ကျွန်တော်သိရပါတယ်။ ဒီကိစ္စတွေမှာလည်း ဘယ်နေရာက ဘယ်လောက်ပိုတယ်၊ ဘယ်နေရာက ဘယ်လောက်သုံးတယ်ဆိုတာတွေကတော့အင်ဂျင်နီယာများ၊မြို့နယ်၊ခရိုင်တိုင်းအဆင့် အင်ဂျင်နီယာများနဲ့ ဆောက်လုပ်ရေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တာဝန်သာလျှင်ဖြစ်ပါတယ်။ ဒါတွေကိုလည်းဘဲ ကျွန်တော်တို့က ထင်ရာစိုင်းပြီးတော့ ထင်သလိုလုပ်တာမျိုး မရှိပါဘူး။ ပြည်ထောင်စု စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တိုင်ပင်ပြီးမှ ဒါတွေကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါတွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲလို့ ပိုလျှံလာတာဖြစ်တဲ့အတွက်ကြောင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒါတွေကို ဆက်လက်ပြီးတော့ စီမံဆောင်ရွက်ခွင့်ရှိပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများကို ရှင်းလင်းတင်ပြရတာတော့ ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တော်ကြီးများကို  တန်ဖိုးထားတဲ့သဘော လေးစားတဲ့သဘောနဲ့ ကျွန်တော်တို့က ရှင်းပြခြင်းဖြစ်ပါတယ်။ ဒါတွေကို စီမံခန့်ခွဲခွင့် အစိုးရအဖွဲ့မှာရှိပါတယ်။ ဥပမာအားဖြင့်တင်ပြရမယ်ဆိုရင်နိုင်ငံခြားကိုလေ့လာရေးခရီးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အဝတ်အစားဝယ်ဖို့၊ ဝတ်စုံချုပ်ဖို့ ဥပမာအားဖြင့် ဆိုကြပါစို့ တစ်သိန်းထုတ်ပေးလိုက်တယ် သူ့ဘာသာသူ တထွန်ချုပ်သည်ဖြစ်စေ၊ ဂွမ်းသကလက်စချုပ်သည်ဖြစ်စေ သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အပေါင်းအသင်းတွေကို ကျွေးမွေးဧည့်ခံစရာရှိတဲ့အတွက်ကြောင့် ဂွမ်းသကလက်စ အကောင်းစားကိုတော့တစ်သိန်းအကုန်ခံမချုပ်ဘူး၊ ငါးသောင်းဖိုးပဲချုပ်မယ်၊  ငါးသောင်းကိုတော့ သူငယ်ချင်းအပေါင်းအသင်းတွေကို ဧည့်ခံကျွေးမွေးမယ် ဒါကသူ့ဆုံးဖြတ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒါသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ညွှန်ကြားရေးမှူးချုပ်နဲ့လည်း တိုင်ပင်ပြီးမှလည်း ဒါတွေကို ကျွန်တော်တို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ အားလုံးပိုတဲ့ငွေဟာဆိုလို့ရှိရင် ကျပ်သန်းပေါင်း(၁၀၂၇၃.၅၈၅) ဖြစ်ပါတယ်။ ဒါတွေကို ခရိုင်အသီးသီးမှ ဘယ်လိုသုံးမယ်၊ ဘယ်နေရာတွေမှာသုံးမယ်ဆိုတာကတော့ ကျွန်တော်တို့ သက်ဆိုင်ရာ ဝန်ကြီးမှ အသေးစိတ်ရှင်းလင်းတင်ပြပါလိမ့်မယ်။

နောက်တစ်ခါ ကျွန်တော်တို့ တင်ပြလိုတာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ မကွေးတိုင်းဒေသကြီး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆထက်တပိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ တင်သွင်းတဲ့အဆိုတွေကိုလည်း အကောင်းအထည်ဖော် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆိုအားလုံးကိုတော့ ကျွန်တော်တို့ ဘဏ္ဍာရေးအခြေအနေ၊ နည်းပညာအခက်အခဲ၊ ရနိုင်တဲ့အရင်းအမြစ်ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက်ကြောင့် အပြည့်အဝ လူကြီးမင်းတို့ အောင်မြင်သွားတဲ့ တင်သွင်းသွားတဲ့ အဆိုတွေကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ လာမယ့်သက်တမ်းအတွင်းမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆက်လက်ပြီးတော့ ကြိုးစားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ အမှန်ဖြစ်ပါတယ်ဆိုတာလည်းပဲ ကိုယ်စားလှယ်တော်ကြီးများနဲ့ တိုင်းဒေသကြီးဥက္ကဋ္ဌကို လေးစားစွာတင်ပြလိုပါတယ်။

ဒီမှာအချက်တစ်ချက်က ဥပမာအနေနဲ့ ကျွန်တော်တို့ လွှတ်တော်မှာ အောင်ခဲ့တဲ့ အဆိုတစ်ရပ်နဲ့ပတ်သက်ပြီးတော့ ဘယ်နည်းဘယ်ပုံ ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်ဆိုတာလေးကို ကျွန်တော်လေးစားစွာတင်ပြပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတစ်ယောက် အဆိုတင်သွင်းသွားတာရှိပါတယ်။ ယစ်မျိုးဥပဒေ(၂၂)နဲ့ ကိုက်ညီမှုမရှိတဲ့ အရက်သေစာရောင်းချမှုတွေကို တိုင်းဒေသကြီးအစိုးရကဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အဆိုဟာ လွှတ်တော်မှာ အောင်မြင်သွားရင် သက်ရောက်မှုဟာ အင်မတန်ကြီးပါတယ်။ ဒါကြောင့်မိုလို့ ဒီအဆိုကို မှတ်တမ်းတင်ရုံပဲတင်မလား အဆိုအောင်တဲ့အထိသွားမလား ဆိုတာကို ညှိနှိုင်းတိုင်ပင်ကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌကြီး၊ မကွေးတိုင်းဒေသကြီး ယစ်မျိုးတွေနဲ့ပတ်သက်တဲ့ဥပဒေ၊နည်းဥပဒေတွေကိုကျမ်းကျင်နားလည်တဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းအုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ကြပါတယ်။ တိုင်ပင်တဲ့အခါမှာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးက ဒီကိစ္စဟာ လူမှုစီပွားရေး၊ ကျန်းမာရေး အင်မတန်သက်ရောက်မှု ကြီးမားတဲ့အတွက်ကြောင့် ဒီပြဿနာတွေမကိုင်တွယ်ရင် မဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ ဒီအဆိုကို အစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါတယ်ဆိုပြီးတော့ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောလာပါတယ်။ ဥက္ကဋ္ဌကြီးနဲ့ ဒုဥက္ကဋ္ဌကြီးတင်ပြတာ ပြောတာကတော့ နေ့ချင်းညချင်း၊ လချင်းရက်ချင်း ဒီကိစ္စကို အောင်မြင်အောင်အကောင်အထည်ဖော်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ပေးရင် ကျွန်တော်တို့ ကျေနပ်ပါတယ် သဘောကျပါတယ်ဆိုတော့ ဒီအဆိုကို ကျွန်တော်တို့ လွှတ်တော်မှာအောင်မြင်သွားတဲ့ အဆိုကိုကျွန်တော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

လေးစားအပ်တဲ့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများကို အနှစ်ချုပ်တင်ပြရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ယစ်မျိုးနည်းဥပဒေ(၂၂) နဲ့ကိုက်ညီမှုမရှိတဲ့ လိုင်စင်စိစစ်ရေးကို အကြမ်း အားဖြင့်တင်ပြရမယ်ဆိုရင် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ခရိုင်မြို့နယ်အလိုက် ယစ်မျိုးလိုင်စင်ခွင့်ပြုထားတဲ့ စာရင်းမှာဆိုလို့ရှိရင် အားလုံးပေါင်းခွင့်ပြုထားတဲ့ လိုင်စင်ရတဲ့စာရင်းမှာ (၃၄၀၅)ဦးရှိပါတယ်။ ဒီကြားထဲမှာ ယစ်မျိုးနည်းဥပဒေ(၂၂)နဲ့ ကိုက်ညီမှုမရှိတာအားလုံး စုစုပေါင်း အရက်သေစာရောင်းချနေတဲ့ဆိုင်ပေါင်း(၃၃၅)ဆိုင် ရှိပါတယ်။ အားလုံးပေါင်း မကွေးတိုင်းဒေသကြီး (၂၅)မြို့နယ် ခရိုင်(၅)ခရိုင်မှာ (၃၃၅)ဆိုင်ရှိပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ဘုရားစေတီပုထိုးလို့ ပြောလို့ရတဲ့ သာသနိကအဆောက်အဦနဲ့ အနီးမှာရောက်နေတဲ့ အရက်သေစာရောင်းချတဲ့ဆိုင်ဟာ (၁၅၁)ဆိုင်ရှိပါတယ်။ ဒါတွေကို ပထမအဆင့်အနေနဲ့ ကျွန်တော်တို့က သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး၊ ရဲ စတဲ့ ပုဂ္ဂိုလ်များနဲ့ ညှိနှိုင်းတိုင်ပင် တာဝန်ပေးပြီးတော့မှ တစ်စုံတစ်ခုသော အတိုင်းအတာကိုရောက်တဲ့အခါကျရင် အရေးယူသင့်တာကို အရေးယူမှာပါ။ တစ်တိုင်းလုံးမှာ ယစ်မျိုးနည်းဥပဒေ(၂၂)နဲ့ မကိုက်ညီတာမှန်သမျှ ချက်ချင်းအရေးယူမယ်ဆိုရင်တော့ သက်ရောက်မှုသည် အင်မတန်အားကြီးတဲ့အတွက်ကြောင့် လူမှုစီးပွားရေး ပြဿနာတွေအများကြီးဖြစ်နိုင်တဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ ချင့်ချင့်ချိန်ချိန် လုပ်နေပါတယ်။ လွှတ်တော်ရဲ့ ညွှန်ကြားချက်တွေကိုလည်း လေးစားလိုက်နာစွာ ကျွန်တော်တို့က ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒါဥပမာတစ်ခုပါ။ အောင်ထားတဲ့ အဆိုတွေနဲ့ပတ်သက်ပြီးတော့လည်းပဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဘဏ္ဍာရေး၊နည်းပညာ၊ အတတ်ပညာစသဖြင့် အကန့်အသတ်တွေရှိနေတဲ့ကြားထဲက ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ရဲ့ အောင်မြင်ထားတဲ့ အဆိုတွေကို ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှာ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ဘယ်မှလည်းမကြားရသေးပါဘူး ဒီလိုမျိုး ကျွန်တော်တို့ လုပ်ငန်းတွေရဲ့ အရေအတွက်ကို လျော့ချတာလည်းမဟုတ် အရွယ်အစားကိုလည်း လျော့ချတာလည်းမဟုတ်၊ ကြိုးစားပမ်းစားနဲ့ အကောင်အထည်ဖော်တဲ့အတွက်ကြောင့် ဒီငွေတွေပိုလာတယ်၊ ပိုတဲ့ ငွေတွေကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေမှာသုံးတယ်၊ ပြည်ထောင်စုဘတ်ဂျက်ထဲမှာ မပါသေးတဲ့ ဥပမာအားဖြင့် ပြည်တော်သာလမ်းမကြီး ဒါကို ကျွန်တော်တို့ နိုင်လွန်ကတ္တရာ ခင်းမယ်၊နောက်တစ်ခါ ကျွန်တော်တို့ ဒီမဲထီးလမ်းကို တိုင်းကျက်သရေဆောင် လမ်းမကြီးတစ်လမ်းဖြစ်တဲ့ မဲထီးလမ်းကိုကတ္တရာလမ်းခင်းမယ်၊ နောက်တစ်ခါ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ညွှန်ကြားသွားပါတယ်၊ လမ်းလူမြင်မကောင်း၊ အသွားအလာလည်းများတဲ့ လယ်ကိုင်း-ကျောင်းတော်ရာလမ်း ဒါတွေကိုလည်း ပြုပြင်သွားမှာဆိုပြီးတော့ ကျွန်တော်တို့ ဒါပြည်ထောင်စုဝန်ကြီးရဲ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်တော်ကြီး များကို လေးစားစွာတင်ပြလိုတာကတော့ နောက်လေးငါးနှစ်ကြာတဲ့အခါ နောက်ထပ် လေးငါးနှစ်ကြာတဲ့အခါကျွန်တော်တို့ကို ပြည်ထောင်စုအစိုးရက ဘယ်လောက် လေးစားသလဲ၊ မကွေးတိုင်းမှာရှိတဲ့ တိုင်းဒေသကြီးပြည်သူတွေက ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို ကျွန်တော်တို့ ကွဲကွဲပြားပြားသိရမှာဖြစ်ပါတယ်။ အခုမှ ကျွန်တော်တို့ အစိုးရအာဏာရတာ (၆)လ (၇)လပဲရှိပါသေးတယ်။ ဒါကြောင့်မို့လို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွ ကိုယ်စားလှယ်တော်ကြီးများ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များဟာ တိုင်းဒေသကြီး ပြည်သူလူထုသာမက ပြည်ထောင်စုအစိုးရက ယုံကြည်အားထားထိုက်တဲ့ ပုဂ္ဂိုလ်၊ တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းများ ဖြစ်နိုင် ကြပါစေလို့ လေးစားစွာတင်ပြရင်း နိဂုံးချုပ်ရပါတယ်ခင်ဗျာ။ အားလုံးကိုကျေးဇူး တင်ပါတယ်။ (ဩဘာသံများ)