ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်ခြင်း

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို (၂၃.၇.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၅)ဦးတက်ရောက်၍ (၉၇.၀၁)ရာခိုင်နှုန်း တက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊ အဆိုပါမိန့်ခွန်းအား မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသက်နိုင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီးရရှိသောကျေးရွာများ၊ လျှပ်စစ်မီးရရှိရန်ကြိုးစားဆောင်ရွက်နေကြသော ကျေးရွာများအားလုံးကို ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်ညီညွတ်သော ကျေးရွာမီးလင်းရေးကော်မတီများအဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးရန်နှင့် တိုင်းဒေသကြီးအစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော(၁၁)ကေဗွီလိုင်းများအား ဥပဒေနှင့်အညီ ပြတ်သားစွာကိုင်တွယ် ဆောင်ရွက်ရန်တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ညိုညိုဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၁၃၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။