ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်ခြင်း

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၄.၇.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၄)ဦးတက်ရောက်၍ (၉၅.၅၂)ရာခိုင်နှုန်းတက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်ဝင်းက မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ထိန်း ဆည်ငယ်၊ ကန်ငယ်၊ တမံများ တိုးချဲ့တည်ဆောက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ဦးမင်းဟန်က ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ရုံးချိန်အတွင်း အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ် သြဂုတ်လ(၃)ရက်နေ့ နဝမနေ့အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သဖြင့်ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁၃၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။