
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်ခြင်း
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၅.၇.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၄)ဦးတက်ရောက်၍ (၉၅.၅၂)ရာခိုင်နှုန်းတက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်သောင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ အညာမြေဒေသ၏ သဘာဝသယံဇာတတစ်ခုဖြစ်သော ထန်းပင်၊ ထန်းတောများ မျိုးပြုန်းပျောက်ကွယ်မသွားစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်အချိန်မီ တားဆီးကာကွယ်စောင့်ရှောက်ပေးနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ (ဗုဒ္ဓဟူးနေ့) သတ္တမနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ၂၀၁၈ခုနှစ်၊ဇူလိုင်လ(၃၁)ရက်နေ့ ရုံးချိန်အတွင်း အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၁၁၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁ဝဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။