
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်ခြင်း
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၆.၇.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၃)ဦးတက်ရောက်၍ (၉၄.၀၃)ရာခိုင်နှုန်းတက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်အေးယုမော်က မကွေးတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများနှင့်နီးကပ်နေသော ကျောက်တောင်များမှ လမ်းခင်းကျောက်များ ထုတ်လုပ်နေမှုများကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ထုတ်ယူသည့် ကျင်းအရေအတွက်အလိုက် နိုင်ငံတော်အခွန်ဘဏ္ဍာအပြည့်အဝရရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်ဌေးက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ (ကြာသပတေးနေ့) အဋ္ဌမနေ့
အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ရုံးချိန်အတွင်း
အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၁၈)ကို (၁၂.၆.၂၀၁၈) ရက်နေ့မှ (၂၇.၆.၂၀၁၈)ရက်နေ့အထိ အစည်းအဝေးကာလအဖြစ် သတ်မှတ်ချက်နှင့်ပတ်သက်၍ (၂၅.၇.၂၀၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ တင်ပြထားရှိမှုနှင့်ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌမှ စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၏ လွှတ်တော်သို့ စိုးရိမ်စွာတင်ပြမှုအား ပြန်လည်ရှင်းလင်းသွားမှာဖြစ်ပါကြောင်း ကြေညာပါသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၁၈) ပထမနေ့တွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးကာလကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ အစည်းအဝေးကာလအဖြစ် သတ်မှတ်ကြောင်းကို ၂၀၁၃ ခုနှစ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈ ပါ “လွှတ်တော်အစည်းအဝေးများကို ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။ လွှတ်တော်အစည်းအဝေးများကျင်းပရန် လိုအပ်သည့်အစီအစဉ်များကို ဥက္ကဋ္ဌက စီစဉ်ဆောင်ရွက်ရမည်။” ဟု ဖော်ပြချက်အရ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှ စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်သည့်အတွက် အချိန်မီပေးပို့နိုင်ရေး အစည်းအဝေးရက်အား ပြောင်းရွှေ့ပေးရန် ညှိနှိုင်းလာပါသောကြောင့် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့သို့ ပြောင်းရွှေ့ကျင်းပခဲ့ရပါကြောင်း၊ သို့ရာတွင် အရေးပေါ်အစည်းအဝေး ပထမနေ့က သတ်မှတ်ခဲ့သော အစည်းအဝေးကာလ၊ နေ့ရက်သတ်မှတ်ချက်ကို ပယ်ဖျက်ခြင်းမပြုခဲ့ပါကြောင်း ကြေညာပါသည်။
အဆိုပါ အစည်းအဝေးကာလအတွင်း ရေးရာကော်မတီများအနေဖြင့် မိမိတို့ကော်မတီနှင့်သက်ဆိုင်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဌာနဆိုင်ရာများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို စိစစ်ရန်အတွက် ကော်မတီအစည်းအဝေးများကို အသီးသီးကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ဇွန်လ (၁၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ အစည်းအဝေး ကာလအတွင်း အစည်းအဝေးနေ့တွက်စရိတ်များ ထုတ်ပေးခဲ့ပြီးဖြစ်၍ ကော်မတီအစည်းအဝေးများ ကျင်းပခဲ့ခြင်းအတွက် ကော်မတီအစည်းအဝေးစရိတ်များ ထုတ်ပေးခဲ့ခြင်းမရှိခဲ့ပါကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါသည်။ ထို့နောက် စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်ခိုင်၏ စိုးရိမ်စွာတင်သွင်းခဲ့သော အစည်းအဝေးကာလ သတ်မှတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်း ဆုံးဖြတ်ပေးပါရန် လွှတ်တော်သို့ တင်သွင်းခြင်းကို ထပ်ဆင့်၍ လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာလွှတ်တော်က သဘော မတူသူမရှိတဲ့အတွက် အရေးပေါ်အစည်းအဝေး (၃/၂၀၁၈)အစည်းအဝေးကာလကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ သတ်မှတ်ချက်အား လွှတ်တော်က သဘောတူဆုံးဖြတ်ကြောင်းနှင့် ယခု စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးသက်ခိုင်မှ အစည်းအဝေးကာလသတ်မှတ်ချက် ရှင်းလင်းပေးရန် တင်ပြလာမှုနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည် ရှင်းလင်းချက်အား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁၂၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ (တနင်္လာနေ့)
နံနက် (၁ဝဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။