ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး သတ္တမနေ့ ကျင်းပပြုလုပ်ခြင်း

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁.၈.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက် (၅၉)ဦးတက်ရောက်၍ (၈၈.၀၆)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး တတိယနေ့တွင် ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်သောင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ အညာမြေဒေသ၏ သဘာဝသယံဇာတတစ်ခုဖြစ်သော ထန်းပင်၊ ထန်းတောများ မျိုးပြုန်းပျောက်ကွယ် မသွားစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အချိန်မီ တားဆီးကာကွယ် စောင့်ရှောက်ပေးနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့မှ ထောက်ခံဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ကိုယ်စား စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကာ အဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် တင်ပြလာသဖြင့် အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာ အဆိုအား အတည်ပြုပေးရန် သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၁၄၀)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁ဝဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။