
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်ခြင်း
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၂.၈.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၀)ဦးတက်ရောက်၍ (၈၉.၅၅)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၈)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး စတုတ္ထနေ့တွင် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်အေးယုမော်က မကွေးတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများနှင့်နီးကပ်နေသော ကျောက်တောင်များမှ လမ်းခင်းကျောက်များ ထုတ်လုပ်နေမှုများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ထုတ်ယူသည့်ကျင်းအရေအတွက်အလိုက် နိုင်ငံတော်အခွန်ဘဏ္ဍာ အပြည့်အဝ ရရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၅)ဦးတို့မှ ထောက်ခံဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကာ အဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် တင်ပြလာသဖြင့် အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏သဘောထား ဆန္ဒရယူခဲ့ရာ အဆိုအား အတည်ပြုရန် သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၁၄၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ (သောကြာနေ့) နံနက် (၁ဝဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။