ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ အမှာစကား
မိန့်ခွန်းများလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခု မကွေးတိုင်းဒေသကြီး လွှတ်တော် ဟာဖြင့် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တစ်နှစ်ပြည့်မြောက်တဲ့ကာလ အတွင်းမှာ ကျွန်တော်တို့၊ ခင်ဗျားတို့ရဲ့ တိုင်းဒေသကြီးလွှတ်တော်ဟာ ဇယား(၂)မှာပါတဲ့ အတိုင်း ဥပဒေတွေရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ အဆိုတွေ၊ မေးခွန်းတွေကိုလည်း မဲဆန္ဒရှင်များရဲ့ကိုယ်စား လွှတ်တော်မှာ တင်သွင်းနိုင်ခဲ့ ပါတယ်။ အပြန်အလှန်ထိန်းညှိရေးဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ်မှာ သော်လည်းကောင်း၊ တရားရေးမဏ္ဍိုင်အပေါ်မှာသော်လည်းကောင်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကတော့ အတော်များများပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ (၇၅%)လောက် အောင်မြင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနေနဲ့တော့ ပြောင်းလဲခြင်းတွေဟာ လက်တွေ့တွေ့ရမှာဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ တောင် ဒီလောက်အတိုင်းအတာထိအောင် ပြောင်းလဲနိုင်ရင် နောက်(၄)နှစ်အတွင်း အားလုံး သိသာထင်ရှားတဲ့မြင်ကွင်းမျိုးကို မြင်ရမှာဖြစ်ပါတယ်။ လွှတ်တော်ရော၊ အစိုးရရော၊ ကျန်တဲ့ (၄)နှစ်အတွင်းမှာ ဆက်လက်ကြိုးစားကြရမှာဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်က တော့ သီးခြားဖြစ်နေတာကို လွှတ်တော်ကိုယ်စားလှယ်များအသိဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များက ဒီတရားရေးမဏ္ဍိုင်အပေါ်မှာ စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်ပြီး အပြန်အလှန်ထိန်းညှိရေးတွေကို ပူးပေါင်းဆောင်ရွက်သွားနိုင်အောင် ကြိုးစား ကြရမှာဖြစ်ပါတယ်။ အဆိုတွေ၊ မေးခွန်းတွေ အကြောင်းကို ပြောချင်ပါတယ်။ အဆိုတစ်ခု တင်ရင် အစိုးရကလည်း အကောင်အထည်ဖော်နိုင်တဲ့ ဆောင်ရွက်နိုင်တဲ့ အဆိုမျိုးဖြစ်ဖို့ လိုပါတယ်။ အဆိုကို အကောင်အထည်မဖော်နိုင်ဘူးဆိုရင် ကျွန်တော်တို့အလုပ်မဖြစ်ပါဘူး။ ဒီအဆိုဟာဆိုလို့ရှိရင် ကျွန်တော်တို့ မှတ်တမ်းအဖြစ်ပဲ ထားရှိနိုင်မှာ ဖြစ်ပါတယ်။
၄ |
ဒါကြောင့်မလို့ အဆို ဆိုလို့ရှိရင် အတတ်နိုင်ဆုံး ကျွန်တော်တို့ လွှတ်တော်ကနေ စိစစ်ပြီး လက်ခံပါတယ်။ မေးခွန်းတွေတင်သွင်းရမယ်ဆိုတာကလည်း မိမိတို့သိလိုသော အချက်ကိုသာ ရှင်းလင်းပြတ်သားစွာရေးသားဖို့လိုပါတယ်။ အကျိုးအကြောင်းခိုင်လုံအောင် တင်ပြဖို့လိုပါတယ်။ တင်သွင်းဖို့လိုပါတယ်။ A4 တစ်မျက်နှာထက်မပိုတဲ့ မေးခွန်းမျိုး ဖြစ်ဖို့လည်းလိုပါတယ်။ မရှည်လွန်း၊ မတိုလွန်းဖြစ်ရပါမယ်။ မေးခွန်းတစ်ခုတည်းရဲ့ အကြောင်းအရာကိုသာလျှင် မေးမြန်းဖို့ဖြစ်ပါတယ်။ ဆက်စပ်မေးခွန်းဆိုရင်လည်း မူလ မေးခွန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပဲဖြစ်ရပါမယ်။ တစ်ချို့က အကြောင်းအရာတွေ ထပ်ဆင့်ပြီးတော့ ပထမမူလမေးခွန်းနဲ့မဆိုင်တဲ့ မေးခွန်းမျိုးတွေ မေးမြန်းတာကို တွေ့ရ ပါတယ်။ မေးခွန်းတင်တဲ့အခါမှာလည်း (၁၀)ရက်အလိုမှာကပ်ပြီး ကမြောသောကားရေးပြီး တော့ လွှတ်တော်ကိုပို့တာမျိုးတွေ၊ ဒါမဖြစ်သင့်ပါဘူး။ ကမြောသောကားရေးပြီးပို့တဲ့အခါမှာ မေးခွန်းတွေဟာ မကောင်းတာကိုတွေ့ရပါတယ်။ ကိုယ်မေးတဲ့မေးခွန်းဟာ မကောင်းလို့ရှိ ရင် ကိုယ့်သိက္ခာကို ချတာနဲ့အတူတူပါပဲ။ ဒုတိယပုံမှန်၊ တတိယပုံမှန်မှာ မေးခဲ့တဲ့ မေးခွန်းတွေထက် ယခု ဒီစတုတ္ထပုံမှန်မှာ မေးတဲ့မေးခွန်းတွေဟာ လွှတ်တော်နဲ့မသင့်တော် တာတွေကို တွေ့ရပါတယ်။ ဒါတွေဟာ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ တွေနဲ့အထိအတွေ့အများဆုံးပုဂ္ဂိုလ်များဖြစ်ပါတယ်။ ပြည်သူ့အကျိုးကိုလည်း ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့တာ လည်း မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။ အင်မတန်ဝမ်းသာစရာကောင်းပါတယ်။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ပင်ပန်းတာကို ကျွန်တော်တို့လည်းသိပါတယ်။ အားလုံးလည်းသိပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ မကွေးတိုင်းဟာ ကျွန်တော်တို့ နိုင်ငံမှာစံပြတိုင်းအဖြစ် ရပ်တည်နိုင်တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့လုပ်ငန်းလုပ်ခဲ့တဲ့အပိုင်းတွေကို ပြီးခဲ့တဲ့တစ်နှစ်အတွင်းကို စံနမူနာယူပြီးတော့ စံချိန်ကျမသွားအောင် ကျွန်တော်တို့တစ်တွေဟာ အတူတကွကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။