ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပပြုလုပ်ခြင်း

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို (၈.၈.၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၆၇)ဦးရှိသည့် အနက် (၆၁)ဦးတက်ရောက်၍ (၉၁.၀၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့် ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၆)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍
မကွေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစန်းကြူက လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ပြီး၊ ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်းနှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ဒသမ ပုံမှန်အစည်းအဝေး ကျင်းပမည်ဖြစ်သဖြင့် အဆို/မေးခွန်းများ ကြိုတင်ပေးပို့နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို နံနက်(၁၁၃၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။