
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၂၅.၉.၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၃)ဦးတက်ရောက်၍ (၉၄.၀၃)ရာခိုင်နှုန်း တက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြား ခဲ့ပါသည်။
ထို့နောက် အစည်းအဝေး ပထမနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ရှင်းလင်းပြောကြားခဲ့သည့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းနှင့်လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဆက်လက်၍ ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင့်လွင်က ပြည်သူ့ဘဏ္ဍာငွေဖြင့်စီမံကိန်း လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ကော်မတီများဖွဲ့စည်းလုပ်ဆောင်မှုများအပေါ် ယခုထက် ပိုမိုပီပြင်စွာ ဖွဲ့စည်းလုပ်ဆောင်နိုင်ရေး၊ ယခုထက်ပိုမိုပြီး လုပ်ငန်းများ စနစ်တကျ ကြီးကြပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ အောင်လံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁)ရက် (ဆဋ္ဌမနေ့)အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့်ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ် များရှိပါက ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁၂၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့်တတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။