
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို (၂၆.၉.၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက်(၆၄)ဦးတက်ရောက်၍ (၉၅.၅၂)ရာခိုင်နှုန်း တက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသက်နိုင်က မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်စုများ၌ ဖွဲ့စည်းထားသော ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအား စနစ်တကျ ပြန်လည်ဖွဲ့စည်းပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ
ကံမမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ထောက်ခံဆွေးနွေး ခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၂)ရက်၊ အင်္ဂါနေ့ (သတ္တမနေ့)အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့်ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၁၁၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။