
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၇.၉.၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းနှင့်လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက် (၆၃)ဦး တက်ရောက်၍ (၉၄.၀၃)ရာခိုင်နှုန်း တက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့်စတင်ကျင်းပ ကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာလုပ်ကိုင်စားသောက်နေသော တောင်သူများ အခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇)အား ကျေးရွာ သို့မဟုတ် အုပ်စုတစ်ခုချင်းအလိုက် (Pilot Project) အစီအစဉ်ဖြင့်စီစဉ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ
ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ဗုဒ္ဓဟူးနေ့ (အဋ္ဌမနေ့)အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့်ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂)ရက် နေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ တစ်နှစ်တာ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်၊ ကြာသပတေးနေ့ (၁၂-ရက်မြောက်နေ့)အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သဖြင့်ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကို အသေးစိတ် ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း (မူလခန့်မှန်းခြေ ငွေစာရင်း)များနှင့်၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ
(၁၂)ရက်၊သောကြာနေ့ (၁၃-ရက်မြောက်နေ့)အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁၃၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့်ပဉ္စမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ (သောကြာနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။