
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁.၁၀.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၇)ဦးရှိသည့်အနက် (၆၅)ဦး တက်ရောက်၍ (၉၇.၀၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး အစည်းအဝေး ဒုတိယနေ့တွင် ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင့်လွင်က ပြည်သူ့ဘဏ္ဍာငွေဖြင့် စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကော်မတီများ ဖွဲ့စည်းလုပ်ဆောင်မှုများအပေါ် ယခုထက်ပိုမိုပီပြင်စွာ ဖွဲ့စည်းလုပ်ဆောင်နိုင်ရေး၊ ယခုထက်ပိုမိုပြီး လုပ်ငန်းများ စနစ်ကျစွာကြီးကြပ်နိုင်ရေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးတို့မှ ထောက်ခံဆွေးနွေးခဲ့ကြပြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးတို့ကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏သဘောထား ဆန္ဒရယူခဲ့ရာ အဆိုအား အတည်ပြုရန် သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၂၁၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ (အင်္ဂါနေ့) နံနက်(၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍အစည်းအဝေးကို
ရုပ်သိမ်းခဲ့ပါသည်။