ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၃.၁၀.၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၄)ဦး တက်ရောက်၍ (၉၅.၅၂)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေး စတုတ္ထနေ့တွင် မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာလုပ်ကိုင်စားသောက်နေသော တောင်သူများ အခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား ကျေးရွာ သို့မဟုတ် အုပ်စုတစ်ခုချင်းအလိုက် (Pilot Project) အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၈)ဦးတို့မှ ထောက်ခံဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးမှ အဆိုအားလွှတ်တော်တွင်မှတ်တမ်းအဖြစ်သာထားရှိပါရန်
ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏သဘောထား ဆန္ဒရယူခဲ့ရာ အဆိုအား အတည်ပြုရန် သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၁၅၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ (ကြာသပတေးနေ့) နံနက်(၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။