
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို (၉.၁၀.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့် ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၇)ဦး ရှိသည့်အနက် (၅၉)ဦး တက်ရောက်၍ (၈၈.၀၆)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့် ပြမေးခွန်း(၄)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ နှင့် စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ
ဦးလှိုင်မြင့် သန်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့် မှန်းခြေငွေစာရင်း လျာထားချက်ပါ အသုံးစရိတ် များနှင့် စပ်လျဉ်း၍ နယ်မြေကွင်းဆင်းလေ့လာဆောင်ရွက်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြင့်စန်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ခဲ့ပြီး၊ ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို
(၁၁၄၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။