
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို (၁၁.၁၀.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၇)ဦး ရှိသည့်အနက် (၆၆)ဦး တက်ရောက်၍(၉၈.၅၁)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ကော်မတီဥက္ကဋ္ဌ ၊ (တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ယင်းအစီရင်ခံစာ
နှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးတို့က အကြံပြုဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ တစ်နှစ်တာ ဒေသန္တရစီမံကိန်းဥပဒေကြမ်းအားလွှတ်တော်တွင်အတည်ပြုပေးပါရန်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အဆိုတင်သွင်းခဲ့ရာ ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်ဝင်းက အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့ပြီး၊ လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ တစ်နှစ်တာ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုပေးရန် သဘောတူသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီများအနက်မှ ကော်မတီ (၃)ခုဖြစ်သော (က) မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ (ခ)မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ (ဂ) မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ တို့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ရေးရာကော်မတီ(၃)ခုပါ ကော်မတီဝင်များ၏ အမည်စာရင်းများအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို(၁၁၄၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ (သောကြာနေ့) နံနက်(၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။