ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို (၁၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၇)ဦး ရှိသည့်အနက် (၆၅)ဦး တက်ရောက်၍(၉၇.၀၁)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအား ကော်မတီဝင် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နတ်မောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသောင်းရွှေမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့ကအကြံပြုဆွေးနွေးခဲ့ပြီးနောက်
သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပေးနိုင်ရန် လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း တစ်ပိုဒ်ချင်းစီအလိုက် အစားထိုး ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အဆိုတင်သွင်းခဲ့ရာ ကံမမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ
ဦးမြင့်အောင်က အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးခဲ့ပြီး၊ လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ပြင်ဆင်ဖြည့်စွက်သည့်အတိုင်း အတည်ပြုပေးရန် လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း
နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီများအနက်မှ ကော်မတီ (၄)ခုဖြစ်သော (က) မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ (ခ)မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊
( ဂ) မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော်မတီ၊ (ဃ) မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ရေးရာကော်မတီ(၄)ခုပါ ကော်မတီဝင်များ၏ အမည်စာရင်းများအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် လွှတ်တော်၏ သဘောထားဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း
လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာဥပဒေ(မူကြမ်း)ကို ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ (တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို (၁၁၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။