ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒသမနေ့)သို့ တင်သွင်းသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) အပေါ်တွင် တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်
နိဒါန်း
၁။ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒသမ)မြောက်နေ့တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေး တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းလွင်က လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
၂။ ယင်းဥပဒေ(မူကြမ်း)ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၀(ခ)အရ မကွေး တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(က)နှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ယင်းဥပဒေ (မူကြမ်း)အပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို တိုင်းဒေသကြီးလွတ်တော်သို့ နည်းဥပဒေ ၁၃၉(ခ)နှင့်အညီ တင်ပြသွားမည်ဖြစ်ပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်
၃။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တွင် အောက်ပါအတိုင်း အခန်း(၃)ခန်းပါရှိကြောင်း တွေ့ရှိရပါသည် –
(က) အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊
( ခ ) အခန်း(၂) စီမံကိန်းရည်မှန်းချက်များ၊
( ဂ ) အခန်း(၃) အထွေထွေတို့ဖြစ်ပါသည်။
၄။ ဤဥပဒေ(မူကြမ်း)အခန်း(၁) ပုဒ်မ ၁(က)တွင် “ဤဥပဒေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်” ဟု ဖော်ပြပါရှိပြီး ပုဒ်မ ၂ တွင်လည်း “ဤဥပဒေသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေဖြစ်သည်”ဟု ဖော်ပြပါရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
၅။ ဤဥပဒေ(မူကြမ်း) အခန်း(၂) ပုဒ်မ ၄ တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး စီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များကို အောက်ပါအတိုင်း တွေ့ရှိရပါသည် –
(က) စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်စျေးနှုန်းအရ
(ကျပ်သန်း – ၅၇၃၆၃၅၁.၅ ဖြစ်ပြီး) (၈.၂)ရာခိုင်နှုန်း တိုးတက်ရန်၊
( ခ ) ပုံမှန်စျေးနှုန်းများအရ –
(၁) လယ်ယာ ကဏ္ဍတွင် (ကျပ်သန်း – ၂၀၅၃၄၄၆.၉ ဖြစ်ပြီး) (၇.၀)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၂) သားငါး ကဏ္ဍတွင် (ကျပ်သန်း – ၃၄၅၉၀၆.၆ ဖြစ်ပြီး) (၀.၄)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၃) သစ်တော ကဏ္ဍတွင် (ကျပ်သန်း – ၅၁၃၁.၅ ဖြစ်ပြီး) (-)၄၈.၇ရာခိုင်နှုန်း
လျော့နည်းရန်၊
(၄) စွမ်းအင် ကဏ္ဍတွင် (ကျပ်သန်း – ၂၈၈၃၆.၁ ဖြစ်ပြီး) (၀.၂)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၅) သတ္တုနှင့် တွင်းထွက်ပစ္စည်း ကဏ္ဍတွင် (ကျပ်သန်း – ၅၆၃၀.၉ ဖြစ်ပြီး) (၂၂.၈)ရာခိုင်နှုန်း တိုးတက်ရန်၊
(၆) စက်မှု၊လက်မှု ကဏ္ဍတွင်(ကျပ်သန်း–၁၁၆၃၂၆၈.၈ ဖြစ်ပြီး) (၁၁.၉)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၇) လျှပ်စစ်ဓါတ်အား ကဏ္ဍတွင်(ကျပ်သန်း–၁၄၃၆၆.၁ ဖြစ်ပြီး) (၂၂.၁)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၈) ဆောက်လုပ်မှု ကဏ္ဍတွင်(ကျပ်သန်း – ၂၈၈၆၅၇.၄ ဖြစ်ပြီး) (၂၄.၈)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၉) ပို့ဆောင်ရေး ကဏ္ဍတွင် (ကျပ်သန်း – ၃၇၁၅၉၀.၂ ဖြစ်ပြီး) (၁၁.၀)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၁၀) ဆက်သွယ်ရေး ကဏ္ဍတွင်(ကျပ်သန်း–၁၇၉၀၆၉.၅ ဖြစ်ပြီး) (၂.၃)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၁၁) ငွေရေးကြေးရေး ကဏ္ဍတွင် (ကျပ်သန်း – ၆၁၃၈.၄ ဖြစ်ပြီး) (၁၁.၃)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍတွင် (ကျပ်သန်း – ၁၀၂၅၃၅.၂ ဖြစ်ပြီး) (၂.၅)ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၃) ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတွင်(ကျပ်သန်း – ၁၁၇၈၄၀.၀ ဖြစ်ပြီး) (၁၄.၇)ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၄) ကုန်သွယ်မှု ကဏ္ဍတွင် (ကျပ်သန်း – ၁၀၅၃၉၃၃.၉ ဖြစ်ပြီး) (၆.၀)ရာခိုင်နှုန်း
တိုးတက်ရန်၊
( ဂ ) တိုင်းဒေသကြီးနှင့် ခရိုင်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ –
(၁) မကွေးခရိုင်တွင် (ကျပ်သန်း – ၂၁၆၀၅၉၇.၁ ဖြစ်ပြီး) (၉.၃)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၂) မင်းဘူးခရိုင်တွင် (ကျပ်သန်း – ၉၁၂၂၀၀.၅ ဖြစ်ပြီး) (၈.၆)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၃) သရက်ခရိုင်တွင် (ကျပ်သန်း – ၉၇၈၉၆၆.၀ ဖြစ်ပြီး) (၅.၈)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၄) ပခုက္ကူခရိုင်တွင် (ကျပ်သန်း – ၁၄၀၉၂၈၆.၇ ဖြစ်ပြီး) (၉.၂)ရာခိုင်နှုန်း
တိုးတက်ရန်၊
(၅) ဂန့်ဂေါခရိုင်တွင် (ကျပ်သန်း – ၂၇၅၃၀၁.၂ ဖြစ်ပြီး) (၁.၉)ရာခိုင်နှုန်း
တိုးတက်ရန်၊
(ဃ) စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်စျေးနှုန်းအရ လယ်ယာ ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၉.၈ ရာခိုင်နှုန်းမှ ၃၉.၂ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၇.၅ ရာခိုင်နှုန်းမှ ၂၈.၆ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၂.၇ ရာခိုင်နှုန်းမှ ၃၂.၂ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖော်ပြရန်၊
( င ) နှစ်အလိုက်စျေးနှုန်းများအရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံပိုင်အခန်းမှ အချိုးအစားအားဖြင့် ၁၅.၆ ရာခိုင်နှုန်း၊ သမဝါယမပိုင်အခန်းမှ အချိုးအစားအားဖြင့် ၀.၀၀၄ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင်အခန်းမှ အချိုးအစားအားဖြင့် ၈၄.၄ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရန်၊
( စ ) လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capital GDP) နှစ်အလိုက်စျေးနှုန်းအရ ကျပ် ၁၆၅၉၀၉၅ ကျပ်မှ ၁၈၈၄၇၆၃ ကျပ်သို့ဖြစ်ပေါ်ရန် တို့ဖြစ်ပါသည်။
၆။ ဤဥပဒေ(မူကြမ်း) အခန်း(၃)၊ အထွေထွေအခန်းတွင် တိုင်းဒေသကြီးစီမံကိန်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်-
(က) စီမံကိန်းရည်မှန်းချက်များကို ပူးတွဲပါဇယား(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇) တို့ဖြင့်
တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအား အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ဌာနအလိုက်၊ ဒေသအလိုက် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက် များကို အသေးစိတ်ရေးဆွဲထုတ်ပြန်နိုင်ကြောင်း၊
( ခ ) အကောင်အထည်ဖော်သည့် စီမံကိန်းများအား လေ့လာဆန်းစစ်ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကို အကောင်အထည်ဖော်ပြီး အကျိုးစီးပွားမဖြစ်ထွန်းသော စီမံကိန်းများကို ငြင်းပယ်၊ ဆိုင်းငံ့၊ လျော့၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊
( ဂ ) စီးပွားရေးစီမံကိန်းများကို ဆောင်ရွက်ရာတွင် လက်ငင်းရေတိုအတွက် အကျိုးဖြစ်ထွန်း စေသည့် စီမံကိန်းများကို ဦးစားပေးပြီး ရေရှည်အကျိုးရှိသော စီမံကိန်းများကိုလည်း ထည့်သွင်းစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
(ဃ) စီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများနှင့် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုသော စီမံကိန်းများဖြစ်ကြောင်း၊
( င ) သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသည် ဥပဒေအရ ထုတ်ပြန်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးစီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြ ပြဌာန်းထားပြီး စီမံကိန်းရည်မှန်းချက်များကိုလည်း ဥပဒေ(မူကြမ်း)တွင် နောက်ဆက်တွဲဇယား(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇) တို့အား ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာသုံးသပ်ချက်
၇။ ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို အသေးစိတ်လေ့လာခဲ့ပြီး အခန်း(၁)၊ ပုဒ်မ ၂ ပါစကားရပ်များ သည် အခန်း(၁)၊ ပုဒ်မ ၁(က)ပါ စကားရပ်များနှင့် အဓိပ္ပာယ်တူညီနေသည့်အတွက် ယင်းဥပဒေ (မူကြမ်း)တွင် ဖော်ပြပါရှိသော ပုဒ်မ ၂ အား ပယ်ဖျက်သင့်ကြောင်း လေ့လာသုံးသပ်ရရှိပါသည်။
၈။ ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို အသေးစိတ်လေ့လာခြင်းဖြင့် တိုင်းဒေသကြီးအစိုးရလက်ထက် တွင် စီမံကိန်းများကို ပြည်သူလူထုအကျိုးစီးပွားနှင့်ယှဉ်၍ အမှန်တကယ်အကျိုးဖြစ်မည် စီမံကိန်း များကိုသာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် များအနေဖြင့် ပေါင်းစပ်ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို လေ့လာ သုံးသပ်ရရှိပါသည်။
၉။ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိရမည့်အပြင် ပြည်သူကို အကျိုးရှိ/ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု/ မပြ၊ ပတ်ဝန်းကျင်ကိုထိခိုက်မှုရှိ/ မရှိတို့ကို လေ့လာဆန်းစစ်ပြီးမှ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းကို လေ့လာသုံးသပ်ရရှိပါသည်။
၁၀။ ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ပြည်သူလူထု၏ ရေတို၊ ရေရှည် အကျိုးစီးပွားကိုရှေ့ရှု၍ စီမံကိန်း၏ သတ်မှတ်ထားသည့် အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များဖြင့် ဘက်ပေါင်းစုံမှ အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို လေ့လာသုံးသပ်ရရှိပါသည်။
၁၁။ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများကိုရေးဆွဲရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုပြီး ပြည်သူလူထုအတွက် ရေတိုအကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများကိုဦးစားပေးပြီး ရှေရှည်အကျိုးအတွက်လည်း စီမံကိန်းများ ချမှတ်ရေးဆွဲသွားမည်ဖြစ်ကြောင်းကို လေ့လာသုံးသပ်ရရှိပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်
၁၂။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို မူအားဖြင့် သဘောတူပါသည်။
၁၃။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တွင် ဖော်ပြပါရှိသည့် အခန်း(၁)၊ ပုဒ်မ ၂ အား ပယ်ဖျက်၍ ပုဒ်မ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ တို့ကို ပုဒ်မ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁ တို့ဖြင့် အစဉ်လိုက် ပြင်ဆင်သင့်ပါကြောင်း အကြံပြုတင်ပြ အပ်ပါသည်။
၁၄။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းပါရည်မှန်းချက်များအား ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု၍ သတ်မှတ်ထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလအတွင်း ရည်မှန်းချက်များကို ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်းနှင့်သတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းအပ်ပါသည်။
၁၅။ ထို့အပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်သော စီမံကိန်းပါလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဦးစားပေးအလေးထားဆောင်ရွက်စေသင့်ပါကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဌာနအလိုက်၊ ဒေသအလိုက် ယင်းတို့နှင့်သက်ဆိုင်သည့် စီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘက်ပေါင်းစုံမှအစီအမံများ ချမှတ်ပြီး လိုက်နာကျင့်သုံးဆောင်ရွက်သင့်ပါကြောင်းကိုလည်း အကြံပြုတင်ပြအပ် ပါသည်။
၁၆။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)သည် –
(က) မကွေးတိုင်းဒေသကြီးအတွင်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး
ရေးဆွဲထားသော ဒေသန္တရစီမံကိန်းဖြစ်ခြင်း၊
( ခ ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရ စီမံကိန်းများဖြစ်ခြင်း၊
( ဂ ) ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ပါ စီမံကိန်းများကို ဘက်ပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထက်ပါ ကော်မတီ၏ အကြံပြုသုံးသပ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးတွင် အမှန်တကယ်အထောက်အကူဖြစ်စေခြင်း။
၁၇။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)အား ပယ်ဖျက်/ ပြင်ဆင်ချက်များဖြင့် လွှတ်တော်မှအတည်ပြုပေးနိုင်ပါရန် ထောက်ခံတင်ပြအပ်ပါသည်။
၁၈။ သို့ဖြစ်ပါ၍ ဤ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)အား အတည်ပြုပေးနိုင်ပါရန် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းအပ်ပါသည်။
ဥက္ကဋ္ဌ
ဥပဒေပြုရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်
မကွေးမြို့