ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများ
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ( ၂၆ )ရက်
နိဒါန်း
၁။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇(က)၊ (ခ)၊ (ဂ)နှင့် ၂၀၁၃ ခုနှစ်မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂၊ နည်းဥပဒေခွဲ(က)အရ ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အဖွဲ့ဝင်(၉)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
၂။ ဤကော်မတီအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၆)ကိုလည်းကောင်း ၂၀၁၆ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် ဒုတိယ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၁၆)ကို လည်းကောင်း၊ မတ်လ(၂၄)ရက်နေ့တွင် တတိယ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၁၆)ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၉) ရက်နေ့တွင် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၁၆)ကို လည်းကောင်း၊ မေလ(၁၉) ရက်နေ့တွင် ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၁၆)ကို လည်းကောင်း ကျင်းပပြုလုပ် ခဲ့ပြီး ကော်မတီ၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
ရည်ရွယ်ချက်များ
၃။ (က) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)ဥပဒေပြုစာရင်းပါကိစ္စရပ်များအနက်
၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၄(ခ)ပါ
ဥပဒေကြမ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့်
စပ်လျဉ်းသောဥပဒေကြမ်းအသစ်များ တင်သွင်းနိုင်ရန် ရည်ရွယ်ပါသည်။
( ခ ) ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်သက်တမ်းတွင်
အတည်ပြုပြဌာန်းခဲ့သော ဥပဒေများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆွေးနွေး သုံးသပ်ရန်နှင့် လိုအပ်သည့်အချက်များတွေ့ရှိပါက ပြင်ဆင်ရေးဆွဲသွားရန် ရည်ရွယ် ပါသည်။
( ဂ ) ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်သက်တမ်းတွင်
အတည်ပြုပြဌာန်းခဲ့သော ဥပဒေများနှင့်ပတ်သက်၍ နည်းဥပဒေများ၊ စည်းကမ်း ဥပဒေများထွက်ရှိ တင်သွင်းနိုင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းသွားရန် ရည်ရွယ်ပါသည်။
(ဃ) ဒုတိယအကြိမ်းမကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးခဲ့သော ကော်မတီ ၏ တာဝန်များကို ကော်မတီ၏လုပ်ပိုင်ခွင့်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။
လုပ်ငန်းဆောင်ရွက်ချက်များ
၄။ ၂၉.၂.၂၀၁၆ ရက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၆)ကို ကော်မတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၉)ဦးလုံးတက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တင်သွင်းရန်ပေးပို့လာသည့်ဥပဒေကြမ်းများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တစ်စုံစီကို အဖွဲ့ဝင် (၉)ဦးအား ပေးရန်၊ သဘာပတိမှ သက်ဆိုင်ရာအသေးစိတ်စာရင်းတောင်းခံ၍ အဖွဲ့ဝင်အားလုံး ပူးပေါင်းဆွေးနွေးရန်နှင့် သက်ဆိုင်ရာဌာန၏ တာဝန်ရှိသူများအား ဖိတ်ကြား၍ လုပ်ငန်းစဉ်များကို မေးမြန်းရန်ဆုံးဖြတ်ခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတိအစည်းအဝေး (၁/၂၀၁၆)ကို ရုပ်သိမ်းခဲ့ ပါသည်။
၅။ ၁၆.၃.၂၀၁၆ ရက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၆)ကို ကော်မတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၉)ဦးလုံး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တင်သွင်းရန် ပေးပို့လာသည့် ဥပဒေကြမ်းများနှင့်ပတ်သက်၍ လုံးထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဥပဒေကြမ်းများနှင့် ပတ်သက်သည့် အသေးစိတ်စာရင်းများကို ကဏ္ဍအလိုက်ခွဲဝေစိစစ်ရန် အစည်းအဝေးအား ၂၄.၃.၂၀၁၆ ရက်နေ့တွင် ထပ်မံပြုလုပ်ရန်နှင့် ကော်မတီအဖွဲ့ဝင်များအားလုံး ၂၄.၃.၂၀၁၆ ရက်နေ့မှ ၃၁.၃.၂၀၁၆ ရက်နေ့အထိ နေ့စဉ်ရုံးတက်ရန်ဆုံးဖြတ်ခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်း အဝေး(၂/၂၀၁၆)ကို ရုပ်သိမ်းခဲ့ပါသည်။
၆။ ၂၄.၃.၂၀၁၆ ရက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၆)ကို ကော်မတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၉)ဦးလုံး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တင်သွင်းရန် ပေးပို့လာသည့် ဥပဒေကြမ်းများနှင့်ပတ်သက်၍ လုံးထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဥပဒေကြမ်းများနှင့် စပ်လျဉ်းသည့် ကော်မတီ၏အစီရင်ခံစာများကို ၃၁.၃.၂၀၁၆ ရက်နေ့ နောက်ဆုံးထားပြုစုရန်၊ ၄.၄.၂၀၁၆ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကော်မတီ၏ အစီရင်ခံစာကိုတင်သွင်းရန်နှင့် ၆.၄.၂၀၁၆ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ဒေသန္တရစီမံကိန်းဥပဒေကြမ်းအပေါ် ကော်မတီ၏ အစီရင်ခံစာကိုတင်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး(၃/၂၀၁၆)ကို ရုပ်သိမ်းခဲ့ပါသည်။
၇။ ၂၉.၄.၂၀၁၆ ရက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၆)ကို ကော်မတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၉)ဦးလုံး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တင်သွင်းရန် ပေးပို့လာသည့် ဥပဒေကြမ်းများနှင့်ပတ်သက်၍ လုံးထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ခဲ့ပါသည်။ အစည်းအဝေးတွင် စည်ပင်သာယာရေး ဥပဒေနှင့်ပတ်သက်ပြီး လေ့လာဆွေးနွေးရန်၊ ဂုဏ်ထူးဆောင်ဆုလက်မှတ်များနှင့် ဆုတံဆိပ်များ ဥပဒေနှင့်ပတ်သက်၍ လေ့လာရန်၊ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ၏ အစီရင်ခံစာအပေါ် လေ့လာသုံးသပ်ရန်နှင့် မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအပေါ် စိစစ်သုံးသပ်ရန်ဆုံးဖြတ်ခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး(၄/၂၀၁၆)ကို ရုပ်သိမ်းခဲ့ပါသည်။
၈။ ၁၉.၅.၂၀၁၆ ရက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၆)ကို ကော်မတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၆)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီ၏အစီရင်ခံစာနှင့် ပတ်သက်ပြီး နိဒါန်း၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ နိရုံး ဟူ၍ အပိုင်း(၅)ပိုင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး (၅/၂၀၁၆)ကို ရုပ်သိမ်းခဲ့ပါသည်။
ရှေ့လုပ်ငန်းစဉ်များ
၉။ ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များကို အခြေခံ၍ အောက်ပါရှေ့လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည် –
(က) မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ
ပြေးဆွဲရေးဥပဒေအား ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားရန်၊
( ခ ) ရည်ရွယ်ချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်။
နိဂုံး
၁၀။ ဥပဒေပြုရေးဆိုင်ရာကော်မတိ၏ သက်တမ်းကာလအတွင်း ပြည်သူလူထု၏ အကျိုးကို ကာကွယ်မြှင့်တင်နိုင်မည့်ဥပဒေများပေါ်ပေါက်လာစေရေးအတွက် ကော်မတီ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်အညီ ကြိုပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ
ဥပဒေပြုရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်
မကွေးမြို့