ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)အပေါ်တွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

 

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ( ၂၃ )ရက်

နိဒါန်း

၁။      ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် မကွေး တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)၌ ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။      ဤဥပဒေ(မူကြမ်း)ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၅၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၉(က)နှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အပေါ်တွင် စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်တို့ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၉(ခ)နှင့်အညီ တင်သွင်းသွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏စိစစ်တွေ့ရှိချက်

၃။      ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)တွင် အပိုဒ်(၂)ပိုဒ်ပါရှိပြီး အပိုဒ်(၂)တွင် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ဇယား(၃)အဆက်၊ ဇယား(၃)အဆုံး၊ ဇယား(၄)၊ ဇယား(၄)အဆုံး၊ ဇယား(၅)နှင့် ဇယား(၆)တို့ကို ဤဥပဒေပါ ဇယားသီးသီးဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည် ကိုလေ့လာတွေ့ရှိရပါသည်။

၄။      ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ပါဇယား(၃)အဆက်နှင့် ဇယား(၃)အဆုံးတို့တွင် ပြည်ထဲရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် အားကစား၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးအဖွဲ့များအတွက် အခြားသာမန်ရငွေ ကျပ်သန်းပေါင်း(၇၅၁၅.၆၄၃)၊ ပြည်ထောင်စုထောက်ပံ့ငွေမှရငွေ ကျပ်သန်းပေါင်း(၁၄၁၅၂၅.၀၀၀)၊ ယင်းဌာနများအတွက် သုံးငွေအဖြစ် ဇယား(၄)နှင့် ဇယား(၄) အဆုံးတွင် သာမန်သုံးငွေ ကျပ်သန်းပေါင်း(၅၈၃၁၂.၇၀၉)၊ ငွေလုံးငွေရင်းသုံးငွေအဖြစ် ကျပ်သန်းပေါင်း(၆၆၈၃၁.၄၀၉)၊ တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း ဖြစ်သည့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ရငွေများကို ဇယား(၅)တွင် ဖော်ပြထား၍ အခြားသာမန်ရငွေ ကျပ်သန်းပေါင်း(၂.၆၉၀)၊ ဇယား(၆)တွင် ငွေလုံးငွေရင်းသုံးငွေအဖြစ် ကျပ်သန်းပေါင်း(၄၀၅၈.၃၄၃)ဖြစ်​ကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏စိစစ်လေ့လာသုံးသပ်ချက်

၅။      မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)တွင် ပါဝင်သည့် အပိုဒ်(၂)ပိုဒ်စလုံးတွင် ဖော်ပြထားသော အချက်များနှင့် နောက်ဆက်တွဲ ဇယား(၃)အဆက်မှ ဇယား(၆)အထိ ရငွေ၊ သုံးငွေ ကိန်းဂဏန်းဖော်ပြချက်များအား အသေးစိတ် လေ့လာခဲ့ပါသည်။ ဇယားအသီးသီးပါ ရငွေနှင့် သုံးငွေ ကိန်းဂဏန်းဖော်ပြချက်များသည် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပြီးဖြစ်သော ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ပါရှိသောကိန်းဂဏန်းများနှင့် ကိုက်ညီနေသည်ကို စိစစ် တွေ့ရှိရပါသည်။

၆။      မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှတင်သွင်းလာသော ၂၀၁၆ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)တွင် ရငွေနှင့် သုံးငွေကိန်းဂဏန်း ဖော်ပြချက်များကို ပြင်ဆင်ပြောင်းလဲခြင်းမရှိဘဲ ရငွေများကို စည်းကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံသုံးစွဲရာတွင်လည်းကောင်း အဆင်​ပြေချောမွေ့စေရန်အတွက် ပြည်ထောင်စုအစိုးရသစ်၏ ပြောင်းလဲဖွဲ့စည်းသည့် ဝန်ကြီးဌာနများနှင့်အညီ ဝန်ကြီးဌာန အမည်များကို ပြင်ဆင်ခြင်း၊ ယင်းအောက်ရှိ ဦးစီးဌာနများကိုပေါင်းစည်းခြင်းတို့ကိုသာ ပြင်ဆင်ဖော်ပြထားသည်ကို ​လေ့လာတွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၇။      မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) တင်သွင်းမှုအပေါ် သဘောကွဲလွဲချက်များမရှိဘဲ ကော်မတီ၏ သဘောထားမှတ်ချက်များကို အောက်ပါအတိုင်း တင်ပြအပ်ပါသည် –

(က)    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို
ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)  အား မူအားဖြင့်သဘောတူပါသည်။

(ခ)     ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို
ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)  အား တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးပါရန်
ထောက်ခံအပ်ပါသည်။

၈။      သို့ဖြစ်ပါ၍ တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား စိစစ်ဆွေးနွေးအတည်ပြုပေးနိုင်ပါရန် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

                                                                                                   ဥက္ကဋ္ဌ

                                                                                    ဥပဒေပြုရေးဆိုင်ရာကော်မတီ

                                                                                  မကွေးတိုင်းဒေသကြီးလွှတ်တော်