ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို (၇.၁.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၀)ဦး တက်ရောက်၍(၈၈.၂၄)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးလှိုင်ဦးက မကွေးတိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ်များ စီးနင်းကြရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ပါ သတ်မှတ်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာစေရန် တာဝန်ရှိသူအဆင့်ဆင့် မှ အရှိန်အဟုန်မြှင့်၍ ကြပ်မတ်ဆောင်ရွက်ပေးရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ကံမမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူခဲ့
သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် (ကြာသပတေးနေ့) စတုတ္ထနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၁၃၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀းဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။