
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၄.၁.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၈)ဦး ရှိသည့် အနက်(၆၃)ဦးတက်ရောက်၍(၉၁.၆၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေး ပထမနေ့တွင် မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးလှိုင်ဦး က မကွေးတိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ်များ စီးနင်းကြရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ပါ သတ်မှတ်ထားသည့် အမိန့် ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ အရှိန်အဟုန်မြှင့်၍ ကြပ်မတ်ဆောင်ရွက်ပေးရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတို့မှ အမည်စာရင်းတင်သွင်းခဲ့ကြပြီး (၁၀.၁.၂၀၁၉)ရက်နေ့ စတုတ္ထနေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် (၁၁.၁.၂၀၁၉)ရက်နေ့ ပဉ္စမနေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၆)ဦးတို့မှ အတည်ပြုပေးပါရန် ထောက်ခံဆွေးနွေးခဲ့ပြီးဖြစ်ကာ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့မှ ထပ်မံထောက်ခံဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးတင်နွယ်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့မှ Power Point ဖြင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏သဘောထားဆန္ဒရယူခဲ့ရာ အဆိုအား အတည်ပြုရန် သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ (မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း) တင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက် (ဗုဒ္ဓဟူးနေ့) (အဋ္ဌမနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး မှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ မြေယာခွန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်၊ (ကြာသပတေးနေ့) (နဝမနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကို အပိုဒ်၊ အပိုဒ်ခွဲငယ် အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို(၁၂ဝ၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။