ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၆.၁.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၈)ဦး ရှိသည့်အနက်(၆၁)ဦးတက်ရောက်၍ (၈၉.၇၀)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နတ်မောက်မြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)ဦးသောင်းရွှေမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးတို့ကအကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ)က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အပြန်အလှန်ဆွေးနွေးပြီးမှသာ အတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ မကွေးတိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်များဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်၊ (တနင်္လာနေ့) (၁၁)ရက်မြောက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို အပိုဒ်၊ အပိုဒ်ခွဲငယ် အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို(၁၂၁၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။