
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး နဝမနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို (၁၇.၁.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့် အနက်(၆၀)ဦး တက်ရောက်၍(၈၈.၂၄)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့နှင့် သတ္တမနေ့တို့တွင် တင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မြေယာခွန်ကောက်ခံရေးလုပ်ငန်းသည်(၈၅)ရာခိုင်နှုန်းသောပြည်သူတို့ကို ကိုယ်စားပြုသည့်အတွက် မြေပြင်ကွင်းဆင်း၍ ပြည်သူလူထုနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းကြောင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ကာရာအိုကေလုပ်ငန်းများကြီးကြပ်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူလူထု၏ သဘောထားနှင့် လုပ်ငန်းရှင်တို့၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုများကို အသေးစိတ် ကွင်းဆင်းစိစစ်လေ့လာရန် လိုအပ်နေခြင်းကြောင့်လည်းကောင်း ယင်းဥပဒေကြမ်း(၂)ခုကို ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှုအရ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို
(၁၁၂၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့
(သောကြာနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။