ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)ကို (၆.၂.၂၀၁၉) ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၁)ဦး တက်ရောက်၍(၈၉.၇၀) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့တင်သွင်းခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင်ဆွေးနွေးမည်ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းရန်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကိုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ် ဦိးဇော်မင်းထွန်းမှ တင်သွင်းဆွေးနွေးပြီး၊ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့သစ်မြိုနယ်မဲဆန္ဒနယ်အမှတ်(၂)ဦးဇော်မျိုးဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို သဘောတူသည့် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊သဘောမတူသူလွှတ်တော်ကိုယ်စားလှယ်(၅၃)ဦးရှိသည့်အတွက် အဆိုကိုသဘောတူသည့် လွှတ်တော်ကိုယ်စားလှယ်သည် အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ထက်ဝက်မကျော်ခြင်းကြောင့် အဆိုအား အတည်မပြုကြောင်းနှင့် မူလပြဌာန်းထားသည့်အတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)ဒုတိယနေ့အား (၇.၂.၂၀၁၉)ရက်နေ့(၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို (၁၀၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။