
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) တတိယနေ့ ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)ကို (၈.၂.၂၀၁၉) ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့် အနက်
(၅၉)ဦး တက်ရောက်၍ (၈၆.၇၆)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း လွှတ်တော်မှ အတည်ပြုပေးရန် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဦးဇော်မျိုးဝင်း (မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ)မှ အဆိုတင်သွင်းခဲ့ရာ ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဟန်က ထောက်ခံဆွေးနွေးခဲ့ပါသည်။ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း အတည်ပြုနိုင်ရန် လွှတ်တော်၏သဘောထားရယူခဲ့ရာ လွှတ်တော်မှသဘောတူညီ သည့် အတွက် ဥပဒေမူကြမ်း တစ်ရပ်လုံးကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့် တိုက်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပေါက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့် စန်းနှင့် အောင်လံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က အကြံပြုဆွေးနွေးထောက်ခံခဲ့ပြီး အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးမှ လွှတ်တော်တွင်ဆုံးဖြတ်သည့် အတိုင်း လွှတ်တော်မှအတည်ပြုပေးပါရန် ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြ ခဲ့ပါသည်။ ပြတိုက်နှင့် စာကြည့်တိုက်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့် အတိုင်း အတည်ပြုပေးနိုင်ရန် လွှတ်တော်၏သဘောထားရယူခဲ့ရာ လွှတ်တော်မှသဘောတူညီသည့် အတွက် ဥပဒေမူကြမ်း တစ်ရပ်လုံးကို အတည်ပြုကြောင်းနှင့် လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပြီး အစည်းအဝေးကို(၁၀၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။