ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်
နိဒါန်း
၁။ ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မကွေးတိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)၌ မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ နည်းဥပဒေပြင်ဆင်ချက်အဆိုကို ရေစကြိုမဲဆန္ဒနယ်
အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က တိုင်းဒေသကြီးလွှတ်တော်သို့
တင်သွင်းခဲ့ပါသည်။
၂။ ဤပြင်ဆင်ချက်အဆိုကို ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ
၁၅၈နှင့်အညီ တင်သွင်းခြင်းဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီသည် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက် အဆိုအပေါ်တွင် စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထား
မှတ်ချက်တို့ကို ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉နှင့်အညီ
တင်သွင်းသွားမည်ဖြစ်ပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်
၃။ မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက်
အဆိုတွင် မူလနည်းဥပဒေ ၁၈တွင် ဖေါ်ပြပြဌာန်းသည့် “ ၁၈။ ကော်မတီသည် ဘဏ္ဍာရေးနှစ် အလိုက် ငွေကြေးအရအသုံးဆိုင်ရာစာရင်းများကို အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေးရမည်။
လိုအပ်ပါက တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး သို့မဟုတ် သက်ဆိုင်ရာ စာရင်းစစ်ရုံးများထံမှ အကူအညီတောင်းခံရယူဆောင်ရွက်နိုင်သည်။” ဟူသောပြဌာန်းချက်အား “၁၈။ ကော်မတီသည်
ဘဏ္ဍာရေးနှစ်အလိုက် ငွေကြေးအရအသုံးဆိုင်ရာ စာရင်းများကို အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်
တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး သို့မဟုတ် သက်ဆိုင်ရာ စာရင်းစစ်ရုံးများမှ စစ်ဆေးခြင်း ခံရမည်။” ဟု ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဖေါ်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာသုံးသပ်ချက်
၄။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက်အဆိုတွင်ပါရှိသည့် ပြင်ဆင်
ဖြည့်စွက်ချက်နှင့် မူလနည်းဥပဒေတို့ကိုအသေးစိတ်နှိုင်းယှဉ်လေ့လာစိစစ်ခဲ့ပါသည်။နည်းဥပဒေတွင်
အခန်း(၉)ခန်းပါရှိပြီး၊ အခန်း(၈) ဘဏ္ဍာရေးနှင့် ငွေစာရင်းစစ်ဆေးခြင်းအခန်းတွင် ငွေစာရင်းကိစ္စရပ်များကို ဖေါ်ပြထားသော်လည်း ဘဏ္ဍာရေးတွင် အဓိကအရေးပါသည့် “စာရင်းစစ်ခံယူခြင်း”အပိုင်းကိုမူ ဖေါ်ပြပြဌာန်းထားခြင်းမရှိကြောင်းကိုလည်းစိစစ်တွေ့ရှိရပါသည်။
၅။ မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက် အဆိုသည် မူလနည်းဥပဒေတွင် ဖေါ်ပြပြဌာန်းထားခြင်းမရှိသော ဘဏ္ဍာရေးနှင့်ငွေစာရင်း စစ်ဆေးခြင်းအခန်းတွင် မဖြစ်မနေထည့်သွင်းသင့်သည့် “စာရင်းစစ်ခံယူခြင်း”အပိုင်းကိုသာ ဖြည့်စွက် ပြင်ဆင်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်
၆။ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက် အဆိုအပေါ် သဘောထား ကွဲလွဲချက်များမရှိဘဲ ကော်မတီ၏သဘောထားမှတ်ချက်များကို အောက်ပါအတိုင်း တင်ပြအပ် ပါသည်-
(က) မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ
ပြင်ဆင်ချက် အဆိုကို သဘောတူပါသည်။
(ခ) မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ
ပြင်ဆင်ချက် အဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးပါ
ရန် ထောက်ခံအပ်ပါသည်။
နိဂုံး
၇။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများနည်းဥပဒေ ပြင်ဆင်ချက် အဆိုအား စိစစ်ဆွေးနွေးအတည်ပြု
ပေးနိုင်ပါရန် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တဆင့် လွှတ်တော်သို့တင်သွင်းအပ်ပါသည်။
ဥက္ကဋ္ဌ
ဥပဒေပြုရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်