ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀  ရက်

နိဒါန်း

၁။       မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ကော်မတီ၏ လုပ်ပိုင်ခွင့် နှင့် တာဝန်ဝတ္တရားများအရ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ တတိယပုံမှန်အစည်းအဝေးအထိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက တင်သွင်း၊ အဆိုပြုမေးမြန်းခဲ့သော အဆို/ မေးခွန်းများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကတိကဝတ်ပြုသည့်အတိုင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လေ့လာစိစစ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

ရည်ရွယ်ချက်

၂။       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ အဆိုပြု/ မေးမြန်းခြင်းပြုခဲ့သော လုပ်ငန်းကိစ္စရပ်များအား အချိန်နှင့်  တစ်ပြေးညီ အောင်မြင်စွာ ဆောင်ရွက် ပြီးမြောက်စေရန်ရည်ရွယ်ပါသည်။

စိစစ်တွေ့ရှိချက်()

၃။       ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ တတိယပုံမှန်အစည်းအဝေးအထိ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကတိကဝတ်ပြုခဲ့သော အဆိုနှင့် မေးခွန်းများမှာ –

(က)    ပထမပုံမှန်အစည်းအဝေး၌ အရေးကြီးအဆို(၁)ခုနှင့် ကတိကဝတ်ပြုခဲ့သည့် အရေးကြီး အဆို(၁)ခု ရှိခဲ့သည်ကို တွေ့ရှိရပါသည်၊

( ခ )    ဒုတိယပုံမှန်အစည်းအဝေး၌ အဆို(၁၁)ခုတွင် ကတိကဝတ်ပြုခဲ့သည့်အဆို(၁၀)ခု၊ ကြယ်ပွင့်ပြမေးခွန်း(၄၅)ခုတွင် ကတိကဝတ်ပြုခဲ့သည့်ကြယ်ပွင့်ပြမေးခွန်း(၁၉)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၅)ခုတွင် ကတိကဝတ်ပြုခဲ့သည့်ကြယ်ပွင့်မပြ မေးခွန်း(၄)ခု ရှိခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်၊

( ဂ )    တတိယပုံမှန်အစည်းအဝေး၌ အဆို(၂)ခုတွင် ကတိကဝတ်ပြုခဲ့သည့်အဆို(၂)ခု၊ ကြယ်ပွင့်ပြမေးခွန်း(၉၂)ခုတွင် ကတိကဝတ်ပြုခဲ့သည့်ကြယ်ပွင့်ပြမေးခွန်း(၃၅)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၁၅)ခုတွင် ကတိကဝတ်ပြုခဲ့သည့်ကြယ်ပွင့်မပြ မေးခွန်း(၈)ခု ရှိခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်၊

စိစစ်တွေ့ရှိချက်()

၄။       ဝန်ကြီးဌာနအလိုက် မေးခွန်းများနှင့်ပတ်သက်၍ ဖော်ပြရလျှင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် –

(က)    စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကြယ်ပွင့်ပြမေးခွန်း(၇)ခုမှ
ဆောင်ရွက်ဆဲမေးခွန်း(၂)ခုနှင့် ဆောင်ရွက်ရန်ကျန်ရှိသော မေးခွန်း(၅)ခု၊

( ခ )    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြ
မေးခွန်း(၁)ခုအား ယနေ့အထိ ဆောင်ရွက်မှုမရှိခြင်း၊

( ဂ )    သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြယ်ပွင့်ပြ
မေးခွန်း(၃)ခုတွင် ဆောင်ရွက်ဆဲ(၂)ခု၊ ဆောင်ရွက်ရန်ကျန်ရှိသော မေးခွန်း(၁)ခု၊     (ဃ)    ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြ
မေးခွန်း(၈)ခုတွင် ဆောင်ရွက်ဆဲ(၁)ခု၊ ဆောင်ရွက်ပြီး(၃)ခုနှင့် ဆောင်ရွက်ရန်ကျန်
(၄)ခု၊

( င )    လူမှုရေးဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြမေးခွန်း(၂)ခုရှိရာ ဆောင်ရွက်ရန်ကျန်(၂)ခု၊

( စ )    စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်မပြမေးခွန်း (၂)ခု
အနက်မှ မေးခွန်း(၂)ခုလုံး ဆောင်ရွက်ရန်ကျန်ရှိနေကြောင်း စိစစ်တွေ့ရှိရပါသည်။

စိစစ်တွေ့ရှိချက်()

၅။       မကွေးတိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် –

(က)    စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြမေးခွန်း(၇)ခုမှ
ဆောင်ရွက်ဆဲမေးခွန်း(၁)ခုနှင့် ဆောင်ရွက်ရန်ကျန်ရှိသော မေးခွန်း(၆)ခု၊ ကြယ်ပွင့်
မပြမေးခွန်း(၆)ခုမှဆောင်ရွက်ဆဲမေးခွန်း(၁)ခု၊ ဆောင်ရွက်ပြီး(၄)ခုနှင့် ဆောင်ရွက်ရန်
ကျန်ရှိသောမေးခွန်း(၁)ခု၊

( ခ )    သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြယ်ပွင့်ပြ
မေးခွန်း(၁၄)ခုမှ ဆောင်ရွက်ဆဲမေးခွန်း(၃)ခု၊ ဆောင်ရွက်ရန်ကျန်ရှိသော မေးခွန်း
(၁၁)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၂)ခုရှိပြီး မေးခွန်း(၂)ခုလုံးဆောင်ရွက်ရန်ကျန်ရှိခြင်း၊

( ဂ )    ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြ
မေးခွန်း(၁၀)ခုမှ ဆောင်ရွက်ပြီး(၂)ခုနှင့် ဆောင်ရွက်ရန်ကျန်(၈)ခု၊

(ဃ)    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြ
မေးခွန်း(၁)ခုရှိပြီး ယနေ့ထိဆောင်ရွက်မှုမရှိခြင်း၊

( င )    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကြယ်ပွင့်ပြမေးခွန်း(၃)ခုမှ          ဆောင်ရွက်ဆဲ(၁)ခု၊ ဆောင်ရွက်ပြီး(၁)ခုနှင့် ဆောင်ရွက်ရန်ကျန်(၁)ခုရှိကြောင်း        စိစစ်တွေ့ရှိရပါသည်။

အဆိုများအပေါ်လေ့လာသုံးသပ်ချက်

၆။       ဒေါ်စန်းစန်းဝင်း ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းသော သားသတ်လုပ်ငန်းများအား စျေးပြိုင်စနစ်၊ ခုံစနစ်ဖြင့်ရောင်းချရေးအဆိုကို တင်သွင်းခဲ့ရာ အစိုးရအဖွဲ့အနေဖြင့် ခုံခွဲစနစ်ဖြင့်ဆောင်ရွက်ထားရှိပြီး အဆိုရှင်၏ရည်ရွယ်ချက်နှင့် ကွဲလွဲနေကြောင်း လေ့လာတွေ့ရှိရပါသည်။

၇။       ဒေါ်ခင်ချိုလတ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသော အခွန်လွတ်မင်္ဂလာစျေး အား လက်ကားစျေးအဖြစ် ပြောင်းလဲကျင့်သုံးမည်ကို အခွန်လွတ်စျေးအဖြစ် မူလအတိုင်းထားရှိရန် တင်သွင်းသည့်အဆိုအပေါ် အစိုးရအဖွဲ့အနေဖြင့် အဆိုရှင်၏တင်ပြချက်အဆိုအတိုင်း ဆောင်ရွက် ထားရှိသည်ကို တွေ့ရှိရပါသည်။

၈။       ဦးဇော်မျိုးဝင်း မြို့သစ်မဲဆန္ဒနယ်အမှတ်(၂)မှ ပထမအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ကာလ အစည်းအဝေးများတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့်စပ်လျဉ်း၍ နည်းဥပဒေများ ဆောလျင်စွာထွက်ရှိရေး အစိုးရအဖွဲ့ထံ တိုက်တွန်းအဆိုပြုထားရာ အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။

၉။       ဦးစိုးဝင်း ချောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသည့် တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသော အဆောက်အအုံ၊ လမ်းတံတားများနှင့်ပတ်သက်၍ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းများ အားနည်းနေမှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြုပြင်ဆောင်ရွက်ရန် လိုအပ်ကြောင်းအဆိုအပေါ် အစိုးရအဖွဲ့အနေဖြင့် ပိုမိုတိုးတက်ကောင်းမွန်သောနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။

၁၀။     ဦးအေးကျော် အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းအဆိုပြုသည့် (UKT) အရက်ချက်စက်ရုံအား လူနေရပ်ကွက်တွင် ချက်လုပ်လည်ပတ်နေမှုကို ရပ်ဆိုင်းပေးရန်အဆိုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က (၂၃.၆.၂၀၁၆)ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးက အတည်ပြုသည့်အတိုင်း ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၁။     ဦးသက်ခိုင် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ အဆိုတင်သွင်းသည့် တောင်သူလယ်သမား များအား ဒေသနှင့်ကိုက်ညီသည့် သီးနှံများကိုလွတ်လပ်စွာစိုက်ပျိုးထုတ်လုပ်နိုင်ခွင့်အား အစိုးရ အဖွဲ့က အာမခံပေးရန် တိုက်တွန်းအဆိုပြုသည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ခံ ဆောင်ရွက် ပေးခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

၁၂။     ဦးကျော်စွမ်းရည် မင်းဘူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က (၂၃.၆.၂၀၁၆)ရက်နေ့ ဒုတိယပုံမှန် အစည်းအဝေးတွင် တိုက်တွန်းအဆိုပြုထားသည့်  Main Drainage System  ရေထုတ်မြောင်းစနစ် နှင့် အမှိုက်သိမ်းစနစ်များကို စီမံချက်များရေးဆွဲ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး အား စီမံဆောင်ရွက်ပေးရန်အဆိုနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။

၁၃။     ဦးဝင်းဌေး မြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က မကွေးတိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင်မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီများကို ဖျက်သိမ်း၍ စနစ်သစ်ဖြင့်ပြန်လည်ဖွဲ့စည်းနိုင်ရေး အဆိုကို (၂၃.၆.၂၀၁၆)ရက်နေ့ ဒုတိယပုံမှန်အစည်းအဝေးတွင် တိုက်တွန်းအဆိုပြုခဲ့ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က မြို့နယ်အချို့တွင် စနစ်သစ်ဖြင့်ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့သော်လည်း မြို့နယ်အချို့တွင်မူ ယခင်အတိုင်း ကျန်ရှိနေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၄။     ဦးကျော်ဌေး မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က မကွေးတိုင်းဒေသကြီး၏ တိုင်းဆေးရုံ ကြီးကို မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်အောင် ပြုပြင်မွမ်းမံပြင်ဆင်၍ အဆင့်မြှင့်တင်ရေးအဆိုကို တင်သွင်းရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက မြို့တော်၏အင်္ဂါရပ်နှင့်ညီညွတ် စေရန် အဆင့်မြှင့်တင်၍ မွမ်းမံပြင်ဆင်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

အကြံပြုဆွေးနွေးချက်

၁၅။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သက်တမ်းနှင့် လွှတ်တော်သက်တမ်းအရ တစ်နှစ်ပြည့်ခဲ့ပြီး ဒုတိယအကြိမ်အစည်းအဝေးအရလည်း တတိယပုံမှန်အစည်းအဝေးအထိ အောင်မြင်စွာကျင်းပလာ နိုင်ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြခံဥပ​ဒေ ပုဒ်မ ၁၇၅(ဆ)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၈(ဆ)နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၉၇ နှင့် ၁၀၅(က)အရ မေးခွန်းမေးခြင်းများကို ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအရ ပြည်သူလူထုမှ တင်ပြချက်များအပေါ်မူတည်ပြီး လွှတ်တော်မှ တစ်ဆင့် အစိုးရအဖွဲ့ထံ တင်ပြထားခြင်းဖြစ်ပါသည်။

၁၆။     ကိုယ်စားလှယ်များအနေဖြင့်လည်း စည်းရုံးရေးအသွင်နှင့် စွမ်းဆောင်နိုင်မှုစွမ်းရည်ကို အစိုးရအဖွဲ့မှချထားပေးပြီး ရရှိလာသည့် ဘတ်ဂျက်လုပ်ငန်းများအပေါ်တွင် ပြည်သူလူထုအပေါ် ယုံကြည်မှုနှင့် နိုင်ငံရေးအရတည်ဆောက်ရခြင်းဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်နေသည်ကိုတွေ့ရှိရပါသည်။

၁၇။     သို့သော် လွှတ်တော်ကိုယ်စားလှယ်များမှာ လွှတ်တော်တွင်ဥပဒေအရ တင်ပြတောင်းခံလာမှု အပေါ် ရှင်းလင်းပြတ်သားစွာ နှစ်ကာလအတိုင်းအတာဖြင့် အလေးထားဖြေကြားရန်လိုအပ်ပါသည်။ ဒေသစွဲ ပုဂ္ဂိုလ်စွဲမှကင်းလွတ်ပြီး ညီမျှစွာခွဲဝေချထားစီမံရန် လိုအပ်ပါသည်။ ဥပဒေ၊ လွှတ်တော်၏ လုပ်ထုံးလုပ်နည်းမှ ဖယ်ခွာ၍ လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး ဆောင်ရွက်ပေးမှုများရှိပါက လွှတ်တော်၏ အခန်းကဏ္ဍ မှေးမှိန်နိုင်သည်အပြင် အစိုးရအဖွဲ့၏ပုံရိပ်ကိုလည်း ထိခိုက်နိုင်ပါသည်။

၁၈။     ကတိကဝတ် ဖြစ်ပေါ်သည့် မေးခွန်းများကို ကတိအတိုင်းဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးများအနေဖြင့် နှစ်အလိုက်ဘတ်ဂျက်များတွင် ထည့်သွင်းရေးဆွဲရန်လိုအပ် ကြောင်း ဘတ်ဂျက်စိစစ်ရေးအဖွဲ့အနေဖြင့် ကတိဖြစ်ပေါ်သည့်လုပ်ငန်းများကို ဘတ်ဂျတ်တွင် ထည့်သွင်းလာပါက ခွင့်ပြုပေးရန်လိုအပ်ပါသည်။ ဘတ်ဂျက်ရေးဆွဲရာတွင်လည်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လွှတ်တော်သို့ အနည်းဆုံး(၁)လကြိုတင်ပေးပို့သင့်ပါသည်။ သို့မှသာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်လေ့လာညှိနှိုင်းဆွေးနွေးနိုင်မည်ဖြစ်ပါ သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာ နည်းဥပဒေများကိုလည်း မှန်ကန်စွာထွက်ရှိနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

၁၉။     တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကိုလည်း ပီပီပြင်ပြင် တိတိပပပြီးပြတ်အောင် ဆောင်ရွက်ခြင်းအားဖြင့် လွှတ်တော်နှင့်အစိုးရ၏ ဆောင်ရွက်ချက်များပိုမိုကောင်းမွန်လာပါမည်။ ပြည်ထောင်စုနှင့် ပတ်သက်သည့်လုပ်ငန်းများကိုလည်း တင်ပြတောင်းခံပါမည်ဟုဖြေဆိုခဲ့ပါက လျာထားချက်ဘတ်ဂျက်တွင် ပါဝင်ရန် အလေးထားဆောင်ရွက်သင့်ပါသည်။

၂၀။     ကော်မတီ၏ကတိကဝတ်အဖြစ်မှ မှတ်တမ်းတင်ခြင်း၊ ကတိကဝတ်များစိစစ်ခြင်းအရ တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများက ပေးခဲ့သော အာမခံသောအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေအထိ ဆောင်ရွက်ပြီး/မပြီး စိစစ်ရန်သော်လည်းကောင်း၊ လွှတ်တော်ပုံမှန်အစည်းအဝေး (၃)ကြိမ်မြောက် သည်အထိ ကတိကဝတ်ဆောင်ရွက်နိုင်ခြင်းမရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ပြုစု၍ အလေးအနက်မှတ်တမ်းထားရှိပြီး ကတိကဝတ်ကော်မတီနှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါသည်။

နိဂုံး

၂၁။     နိဂုံးချုပ်တင်ပြရပါက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း လွှတ်တော်ဥပဒေ၊ နည်းဥပဒေအရ လွှတ်တော်တွင် ဖြေကြားထားသည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို သေချာခိုင်မာစွာ ထည့်သွင်းစဉ်းစား စီမံမှုများ ပြုလုပ်၍ ညီမျှသော ခွဲဝေမှုဖြင့် အစဉ်လိုက် အကောင်အထည်ဖော်ပြုလုပ်နိုင်စေရန် တိုက်တွန်း အပ်ပါသည်။ သို့မှသာ လွှတ်တော်နှင့် အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူ တာဝန်ခံမှုများ ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

ပူးတွဲ။  ဝန်ကြီးဌာနအလိုက် ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် အမျိုးအစားခွဲ၍ ဦးစီးဇယားဖြင့် ဖော်ပြထားပါသည်။

 

 

 

                                                                                တင်သောင်း

                                                                                   ဥက္ကဋ္ဌ

                                                          လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏

                                                     အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ

                                                                      မကွေးတိုင်းဒေသကြီးလွှတ်တော်