ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁.၄.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ မကွေးတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဧပြီလ (၈)ရက်၊ (တနင်္လာနေ့) (ဆဋ္ဌမမြောက်နေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ခုနှစ်၊ ဧပြီလ(၅)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ်ရုံး၏ ၂၀၁၈ ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ တရားသူကြီးချုပ်ရုံး၏ ၂၀၁၈ ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဧပြီလ (၄)ရက်၊ (ကြာသပတေးနေ့) (စတုတ္ထနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၉ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို(၁၁၁၀)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။